မုံရွာ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ‌ဝန်ကြီးချုပ် ဦးမြတ်‌ကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး အခမ်းအနား(ဒုတိယပိုင်း)ကို အဆိုပါကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများမှ ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး သုတဝေဖြာ မျှဝေရာ ပညာဘဏ်တိုက်စာကြည့်တိုက် Video Clip အား တင်ဆက်ပြသသည်။

ထို့နောက် ‌စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရအတွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၀)ကျောင်းမှ ကျောင်းစာကြည့်တိုက်များအတွက် တစ်တိုက်လျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ စာအုပ်စာစောင်များကိုလည်းကောင်း၊ မုံရွာမြို့နယ် တောပုကျေးရွာစာကြည့်တိုက် ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် သိန်း ၁၅၀ နှင့် ကျေးရွာစာကြည့်တိုက် (၅၆)တိုက်အတွက် စာအုပ်စာစောင် (၁၁၂၀)အုပ်ကို လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းပြီး ကျောင်းသား/ကျောင်းသူများ၏ သီဆိုဖျော်ဖြေ တင်ဆက်မှုတို့အား ကြည့်ရှုအားပေးခဲ့သည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း‌ဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများဖြစ်သော ကျပန်းစကား‌ပြော၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲအသီးသီးတို့၌ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွဲတော်အတွင်း ဌာနဆိုင်များကပြသထားရှိသည့် ပြပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး‌ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် မုံရွာမြို့ အခြေခံပညာကျောင်းများမှ ဖျော်ဖြေရေး အစီအစဉ် (၁၆)ခု ပါဝင်ဖျော်ဖြေခဲ့ကြပြီး လူငယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာဖတ်ဝိုင်းနှင့် က‌လေးစာဖတ်ခန်းတို့အပါအဝင် ဉာဏဖွံ့ဖြိုးတိုးတက်‌ရေးပြိုင်ပွဲ အမျိုးအစား(၇)မျိုး၊ ကာယဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲ အမျိုးအစား (၉)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊ စာအုပ်အရောင်းဆိုင်များနှင့် ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ‌ဌာနဆိုင်ရာ ၁၅ ခုတို့မှ ပြခန်းပေါင်း ၁၅ ခန်းကိုလည်း ဖွင့်လှစ်ပြသပေးခဲ့ရာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၄၀၀၀)ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)