မလှိုင် ၁၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မလှိုင်မြို့နယ်၊ ကျွဲခြံ ကျေးရွာအုပ်စု၊ ကြာအိုင်ကြာပွား ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ၍ ဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသော ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနာကို ကျင်းပရာ တိုင်းဒေသကြီး ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်မိသားစု တို့က ကျောင်း ဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပေးအပ်ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်ပေးအပ်ပွဲ အထိမ်းအမှတ်အလံကို တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်ကို ရန်ကုန်မြို့နေ ဦးစိန်လှိုင် + ဒေါ်လှလှ (သား) ဦးကျော်လှိုင်+ ဒေါ်အေးအေးဝင်း မိသားစုတို့က ငွေကျပ်( ၂၂၅ ) သိန်း အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလျားပေ( ၆ဝ )၊ အနံပေ(၃၀) ရှိ တစ်ထပ် ကျောင်းဆောင် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအိုင်ကြာပွားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ရွာလယ်ရှိ 200 KVA ထရန်စဖော်မာ ရှေ့တွင် ခေတ္တ ဝန်ကြီးချုပ် က စက်ခလုတ်နှိပ်၍ မီးဖွင့်ပေးခဲ့သည်။ အဆိုပါကျေးရွာလျှပ်စစ်မီးရရှိရေး အတွက် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ (၃၇)သန်း ဖြင့် 11 ကြိုးသွယ်တန်းခြင်းနှင့် 200 KVA ထရန်စဖော်မာ တစ်လုံး တပ်ဆင်ပေးခဲ့ပြီး ကျေးရွာတွင် လျှပ်စစ်မီးသုံးစွဲနေသူ ၁၆၁ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)


