မြစ်ကြီးနား၊ ၂၉ ဒီဇင်ဘာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေစက်)တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ကျော်ဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် ပညာရေးမှူး(ညွှန်ကြားရေးမှူး) ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဦးရဲအောင်၊ မြို့နယ်ပညာရေးမှူး ဦးစံထွေးနှင့် တာဝန်ရှိသူများ၊ ဆွတ်ဂျတ်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ယော်အောင်နှင့် တာဝန်ရှိသူများက ပန္နက်တင် မင်္ဂလာကို ကျင်းပပြီး ပန္နက်တိုင်များတွင် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တက်ရောက်လာသူများက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ ကျောင်းဆောင်သစ်ကို ဆွတ်ဂျတ်မိသားစုကုမ္ပဏီမှ တာဝန်ယူ၍ အလျားပေ ၁၄၀၊ အနံ ပေ ၃၀ရှိ RCC နှစ်ထပ်ကျောင်းဆောင်သစ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်မှစတင်၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)


