နေပြည်တော် ၁၆ မေ

 

မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းပလက်ဖောင်းကို (၆) လတာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ခြင်းနှင့် သင်ကြားရေးအထောက်အကူပြု DBE Box များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

 

ယခုလို ဆောင်ရွက်ခြင်းသည် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ၄ တန်း၊ ၇ တန်းနှင့် ၁၀ တန်း အတန်းများ၏ သင်ရိုးညွှန်းတမ်းသစ်များကို ဆရာ၊ ဆရာမများအနေဖြင့် လွယ်လင့်တကူ လေ့လာနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ပြင် ပညာရေးနှင့် ပတ်သက်၍ အကျိုးခံစားခွင့်ကို အားလုံးတန်းတူညီမျှ ခံစားနိုင်ကြစေရန် လတ်တလောတွင် အင်တာနက် ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ် (၈)မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ ၂၀၀၀ ကျော်နှင့် ကျောင်းသား ၅၀,၀၀၀ တို့အား အခြေခံပညာဦးစီးဌာန (DBE) သင်ကြားရေးရင်းမြစ်များ (DBE Box) များကို တယ်လီနောမှ ပေးအပ်လှူဒါန်းသွားမည် ဖြစ်သည်။

 

“အခုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ Online learning ကနေတစ်ဆင့် သင်ရိုးသစ်သင်တန်း တက်ရောက်မယ့် ဆရာ၊ ဆရာမတွေအတွက် အင်တာနက် ဒေတာအခမဲ့အသုံးပြုခွင့် (၆) လစာနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာရှိတဲ့ မြို့နယ်ပေါင်း (၈)မြို့နယ်က ဝေးလံခေါင်ဖျား စာသင်ကျောင်းတွေအတွက် DBE Box အလုံးရေ (၁၅၀)ကို တယ်လီနောက ပံ့ပိုးပေးသွားမှာ ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေအနေနဲ့ သင်ကြားသင်ယူမှုဆိုင်ရာ အရင်းအမြစ်တွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းမှ ပြောကြားခဲ့သည်။

 

မြန်မာရွေ့လျားပညာရေးစီမံကိန်း (MyME) မှ ပြုစုထုတ်လုပ်သော DBE Box များတွင် ဆရာ၊ ဆရာမများအတွက် ဗီဒီယိုများ၊ ဝတ္တုတိုများ၊ ကဗျာများ အသွင်ဖြင့်ပြုလုပ်ထားသော လေ့ကျင့်ရေးအကြောင်းအရာများ သို့မဟုတ် သင်ကြားရေးအထောက်အကူပြုများ၊ လေ့လာသင်ယူသူများအတွက် ရုပ်ပုံဇယားများ ထည့်သွင်းထားသော လေ့လာစရာများ ပါဝင်သည်။

 

DBE Box များကို Raspberry Pi မီနီကွန်ပြူတာတွင် တည်ဆောက်ပြီး လက်ကိုင်ဖုန်းမှတစ်ဆင့် Box အတွင်းရှိ အကြောင်းအရာများသို့ ဆက်သွယ်နိုင်သည့် router များပါဝင်ကြောင်း သိရသည်။

 

“အွန်လိုင်းမှာတင်ထားတဲ့ အကြောင်းအရာတွေ၊ လေ့လာရေးအထောက်အကူပြုတွေကို ဝင်ရောက်မကြည့်ရှုနိုင်တဲ့ ဆရာ၊ ဆရာမတွေဟာ DBE box တစ်ဆင့် လေ့လာနိုင်ကြမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအတွက် အရေးအကြီးဆုံးအရာတွေနဲ့ ချိတ်ဆက်နိုင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Hans Martin Hoegh Henrichsen မှ ပြောကြားခဲ့သည်။

 

ဆရာ၊ ဆရာမများသည် ပညာရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်သို့ မေ ၁၅ ရက်မှစတင်၍ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျောင်းများပြန်မဖွင့်မီ သင်ကြားရေး အထောက်အကူပြု သင်တန်းများကို လေ့လာနိုင်သည့်အပြင် ကျောင်းများပြန်ဖွင့်ပြီးပါကလည်း ဆက်လက်လေ့လာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား