ကျောင်းကားပြေးဆွဲခြင်း စနစ်သစ်အတွက် စမ်းသပ်လေ့ကျင့်

ရန်ကုန် ၂ ဖေဖော်ဝါရီ

 

အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစာမေးပွဲများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်၍ ဖေဖော်ဝါရီ ၂ ရက် (ယနေ့) သည် ၂၀၁၇ ခုနှစ် ဇွန်လဆန်းမှစတင်ခဲ့သော အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်အတွင်း ကျောင်းတက်ရက် နောက်ဆုံးနေ့မတိုင်မီ သုံးရက်မြောက်အလိုနေ့ဖြစ်သည်ဟု ကျောင်းသား မိဘများက ပြောဆိုကြသည်။

 

 

ရန်ကုန်မြို့တွင်းဝန်းကျင် ကျောင်းအချို့ရှေ့ရှိ ကားလမ်းမများပေါ်တွင် ကျောင်းကြို/ပို့ ကျောင်းကားများ၊ မိဘအချို့၏ အိမ်စီးယာဉ်များဖြင့် ယာဉ်ပိတ်ဆို့ခြင်းများ ရှိနေဆဲဖြစ်သည်။ သက်ဆိုင်ရာမှ ကျောင်းတက် ကျောင်းဆင်းချိန်များတွင် ယာဉ်ပိတ်ခြင်းဖြစ်တတ်သော ကျောင်းများ ရှေ့ ယာဉ်ကြောရှင်းလင်းခြင်းများ ပြုလုပ်ပေးနေရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော Royal Golden Hand အများပိုင် ကုမ္ပဏီက ကျောင်းသား ၂၈ ဦးဆံ့ ကျောင်းကားအသစ် ၂၀ဝ ဖြင့် ကျောင်းကားပြေးဆွဲသည့် ဝန်ဆောင်မှုလုပ်ငန်းကို ဒဂုံ(၁)၊ ကမာရွတ် အထက(၁)နှင့် TTC ကျောင်းတို့တွင် ဦးစားပေး ပြေးဆွဲမည်ဟု သိရသည်။

 

လက်ရှိပြေးဆွဲနေသော ကျောင်းကားပြေးဆွဲသည့် လုပ်ငန်းလုပ်ကိုင်သူများအား School Bus   အမျိုးအစား သတ်မှတ်ချက်ခေါင်းစဉ်ပါ အကြောင်းကြားစာကို ဇန်နဝါရီ ၂၃ ရက်စွဲဖြင့် YRTA မှ ကျောင်းများမှတစ်ဆင့် ပေးဝေခဲ့သည်။ ကျန်ကျောင်းများတွင် လက်ရှိပြေးဆွဲနေသည့် ကျောင်းကား လုပ်ငန်းရှင်များ လာမည့်ပညာသင်နှစ်တွင် သတ်မှတ်ကျောင်းကား ယာဉ်အမျိုးအစားနှင့်အညီ ရှိပါက ပြေးဆွဲခွင့်ပြု/မပြု မသိရသေးသော်လည်း ဖေဖော်ဝါရီ ၃  ရက်တွင် ပြုလုပ်မည့် တွေ့ဆုံပွဲမှ သိနိုင်မည်ဟု မျှော်လင့်သည်ဟု ဒဂုံအလက(၁)တွင် ကျောင်းကားလုပ်ငန်း လုပ်ကိုင်နေသူ လမ်းမတော်မြို့နယ်နေ ကိုစိန်ဝှားက ပြောသည်။

 

ယင်းအကြောင်းကြားစာအရ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားကျောင်းသူများအား သယ်ယူပို့ဆောင်ပေးမည့် ကျောင်းကြိုကျောင်းပို့ School Bus ယာဉ်များ အသုံးပြုရာတွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် လုံခြုံစိတ်ချစေရေးအတွက် စည်းကမ်းချက် ၁၂ ချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

အသက်ကယ်ထိုင်ခုံခါးပတ် Seat Belts ပါရှိသည့် ခရီးသည် ၁၀ ဦးနှင့်အထက် တင်ဆောင်နိုင်သော  Micro Bus, Mini Bus ယာဉ်များဖြစ်ရမည်။ ဘယ်မောင်းယာဉ် (Left Hand Drive)နှင့် ယာဉ်၏ညာဘက် (Right Hand Side)တွင် အတက်အဆင်းတံခါးပေါက် ပါရှိပြီး လုံခြုံစိတ်ချသော သော့စနစ်တပ်ဆင်ထားရမည်။

 

ရှေးဦးသူနာပြုသေတ္တာ (First Aid Box)နှင့် ယာဉ်အတွင်းတွင် ဓါတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဗူး ၂ ဗူး ပါရှိရမည်။ ယာဉ်၏ဆေးရောင်သည် အဝါရောင်ဖြစ်ပြီး ယာဉ်၏ရှေ့နှင့် နောက်တွင် School Bus စာလုံးကို ထင်ရှားစွာရေးသားထားရမည်။

 

ယာဉ်မောင်းသည် အနိမ့်ဆုံး (ဃ) ယာဉ်မောင်းလိုင်စင် ရရှိထားသူဖြစ်ပြီး တစ်နာရီလျှင် 40 Km/ hr   (25 mile/hr) ထက်ပိုမမောင်းရ။ အငှားယာဉ်  (ကျောင်းကြို/ပို့ လုပ်ငန်းသုံးယာဉ်) အဖြစ်သာ ဆောင်ရွက်ရမည်။

 

ကျောင်းသား၏ အသက် ၁၂ နှစ်နှင့်အထက် ဖြစ်ပါက လူကြီးထိုင်ခုံ၊ အသက် ၁၂ နှစ်အောက် ဖြစ်ပါက တပ်ဆင်ထားသော ထိုင်ခုံအရေအတွက်၏ တစ်ဆခွဲထက်မပိုရသည့်အပြင် ထိုင်ခုံခါးပတ် အပြည့် ပါရမည်ဟု ဖေါ်ပြထားသည်။

 

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းကြို/ပို့ယာဉ်များ ပြေးဆွဲမည့်ယာဉ်များသည် အထက်ဖေါ်ပြပါ စည်းကမ်းချက်များနှင့် ညီညွတ်မှသာ ပြေးဆွဲခွင့်ပြုသွားမည်ဟု အဆိုပါအကြောင်းကြားတွင် ဖေါ်ပြထားသည်။

 

သို့ဖြစ်ရာ လာမည့်ပညာသင်နှစ်အတွင်း ရန်ကုန်မြို့တွင်း လိုက်ထရပ်ယာဉ်များ ကျောင်းကားအဖြစ် ပြေးဆွဲခြင်းမရှိနိုင်ဟု လိုက်ထရပ်ကျောင်းကား ယာဉ်မောင်း ကိုဂျွန်ကဆိုသည်။ လက်ရှိ ကျောင်းကား Bus များသည်လည်း ဘယ်မောင်းယာဉ်များဖြစ်ရန် လိုအပ်ချက်ရှိနေသည်ဟု သိရသည်။

 

 

ဖေဖော်ဝါရီ ၁ ရက်မှ ၆ ရက်အထိ ပြည်လမ်းမရှိ ယင်းကျောင်းရှေ့တွင် ကျောင်းကားပြေးဆွဲမည့် စနစ်သစ်အတွက် စမ်းသပ်ပြုလုပ်နေသည်ကို မြင်တွေ့ရသည်ဟု ကျောင်းသားမိဘ ဦးကျော်ကဆိုသည်။

 

ဂျပန်လူမျိုး ပညာရှင်အချို့နှင့် တာဝန်ရှိသူများ ကျောင်းရှေ့ကားလမ်းဘေးများတွင် ယာဉ်များနေရာယူ ကျောင်းသားများ အတက်အဆင်းပြုလုပ်ခြင်းများကို လမ်းညွှန်ကြီးကြပ်ပေးနေသည်ကို မြင်တွေ့ ရသည်။

 

နှစ်သုတ်တက်ကျောင်းဖြစ်ပြီး ကျောင်းကားအစီးရေ ၂၀ ဝန်းကျင်ရှိရာ နံနက်ပိုင်း ကျောင်းချိန်ကားမျာကို A အက္ခရာ၊ ညနေချိန်တွင် P အက္ခရာဖြင့် အုပ်စု ၄ စုခွဲထားသည်။ ကျောင်းရှေ့ဝန်းကျင် ပြည်လမ်းမဘေးများတွင် ယာဉ်ရပ်၍မရရန် လမ်းဘေးနှစ်ဘက်စလုံးတွင် ကြိုးတန်းတောက်လျောက် ချထားခြင်းအပြင် လမ်းလယ်တွင်ပါ ကြိုးတန်းချထားသည်။

 

ယခင်ကကဲ့သို့ ကျောင်းရှေ့ဝန်းကျင် လမ်းဘေးတစ်လျှောက် ကြာမြင့်စွာ ရပ်ထားသောကားတန်းများ မမြင်တွေ့ရဟု ပြည်လမ်းတစ်လျှောက် နေ့စဉ်ဖြတ်သွားနေသူ အိမ်စီးကားပိုင်ရှင် ဦးလှဦးက ဆိုသည်။

 

ကျောင်းကားများအနေဖြင့် ကျောင်းသားများ ပြန်ကြိုရာတွင် ယာဉ်များကို မင်းရဲကျော်စွာ လမ်းဝန်းကျင်တစ်လျှောက် ရပ်နားစေသည်။ ကျောင်းဆင်းချိန် ကျောင်းရှေ့ကွက်လပ်တွင် ကျောင်းသားများ စုစေပြီး ဆရာ/ဆရာမများ၊ ကျောင်းအကျိုးဆောင် မိဘများ ကြီးကြပ်ကာ ကျောင်းကားတာဝန်ခံများသို့ သတ်မှတ်ထားသော အက္ခရာအလိုက် ပြန်လည်ခေါ်ဆောင်စေသည်။ ယင်းကျောင်းသားများအား ကျောင်းရှေ့ ကားလမ်းဘေး လူသွားလမ်းတွင် အစုလိုက်စောင့်စေကာ ကျောင်းကားကိုရပ်ထားသော နေရာမှ ကျောင်းရှေ့သို့ မောင်းနှင် လာရောက်တင်ဆောင်ရသည်ဟု ကျောင်းကားယာဉ်မောင်း လမ်းမတော် လှည်းတန်းလမ်းတိုနေ ကိုဘိုဘိုက ပြောသည်။

 

ကျောင်းရှေ့ယာဉ်ကြောပိတ်မှုသည် လမ်းဘေးနှစ်ဘက်တွင် စီတန်းရပ်ထားသောယာဉ်တန်းများ မရှိသဖြင့် ကျောင်းဆင်းကျောင်းတက်ချိန်များတွင် ယခင်တွေ့ကြုံရခြင်းထက် လျော့နည်းသွားသည်ကို မြင်တွေ့ရသည်ဟု ယင်းရှေ့ဖြတ် လိုင်းကားယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

ယင်းကျောင်းရှေ့တွင်သာမက အခြားကျောင်းအချို့ရှေ့ ဝန်းကျင်တို့တွင်ပါ ယာဉ်ပိတ်ခြင်းများ ရှိနေသဖြင့် ကျောင်းကားပြေးဆွဲခြင်းစနစ် ပြောင်းလဲလုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။

 

ခင်ဆိုင်