ဒေါက်တာလပြည့်ခင်
“ဝဥ” ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ “ဝဥ” အမည်ကို နောက်တစ်မျိုးအနေနဲ့ “ဖျံဥ” လို့လည်း ခေါ်ကြပါတယ်။ “ဝဥ” ဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်ခုပါ။ အင်္ဂလိပ်လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ ခေါ်ပါတယ်။ “ဝဥ” ရဲ့ မျိုးရင်းက Araceae ဖြစ်ပြီး မျိုးစုက Amorphophallus မျိုးစိတ်က A. konjac ဖြစ်တာကြောင့် ဒွိနာမ အနေ နဲ့ Amorphophallus Konjac လို့ ခေါ်ပါတယ်။ ရုက္ခဗေဒအမည်အနေနဲ့ Amorphophallus Com-panuatus ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ “ဝဥ” မျိုးစိတ် ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ် သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
Conjak “ဝဥ” မျိုးစိတ်နဲ့ Campanulatus “ဝဥ” မျိုးစိတ်
ပြည်ပနိုင်ငံတွေက အကြိုက်များတဲ့ Conjak “ဝဥ” မျိုးနဲ့ Campanulatus “ဝဥ” မျိုးစိတ်တွေက အခြား “ဝဥ” မျိုးတွေနဲ့ မတူတဲ့အချက်တွေ ရှိပါတယ်။ Conjak မျိုးက ရိုးတံစိမ်းပြီး ဥရဲ့ အရောင်က ပန်းရောင်အနုဖြစ်ပါတယ်။ အစေ့အိမ်တွေ ပိုမိုများပြားစွာပါဝင်ပြီး အရွက်မှာ “ဝဥ” ပုံလို မျိုးပွားဖို့ ဥငယ်ကလေး(ဂလင်း) တွေရှိပါတယ်။ Campa-nulatus မျိုးရဲ့ရိုးတံကချောမွတ်ပြီး အဖြူကွက်လေးတွေအနည်းငယ်ပါပါတယ်။ “ဝဥ” ရဲ့ အရောင်က အဝါနုရောင်ဖြစ်ပြီး အစေ့အိမ်တွေ ပိုမိုများပြားစွာပါဝင်ပေမယ့် အရွက်မှာ Conjak လိုမျိုးပွားဖို့ ဥငယ် ကလေးတွေမပါပါဘူး။ သို့သော်လည်း ကြီးရင့်လာတဲ့ “ဝဥ” တွေမှာ ဥကနေသားတက်တွေ ထွက်ပေါ် လေ့ရှိပါတယ်။ Conjak မျိုးက အေးမြတဲ့ရာသီဥတုရှိတဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ရှင်သန်ပြီး Campanulatus မျိုးကတော့ ရာသီဥတုမျှတ မှုရှိတဲ့ တောင်ပေါ်ဒေသတွေမှာပဲ ပေါက်ရောက်ပါ တယ်။ “ဝဥ”က သဘာဝအလျောက် ပေါက်ရောက်ပြီး အစေ့ကမျိုးပွားနိုင်သလို ဥကဖြာထွက်တဲ့ အမြစ်တွေကနေ ဖြစ်ပေါ်လာတဲ့ ဥကလေးတွေကနေ လည်း မျိုးပြန့်ပွားကြပါတယ်။
“ဝဥ”ထွက်တဲ့အရပ်နဲ့ “ဝဥ”အမျိုးအစားများ
“ဝဥ”ရဲ့ မူရင်းဒေသက အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသတွေမှာ “ဝဥ”အပင်တွေ သဘာဝအလျောက် ပေါက်ရောက် ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်းဒေသတွေနဲ့ တောင်ပေါ်ဒေသတွေမှာဆိုရင် စိုက်ပျိုးဖြစ်ထွန်းမှုတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ရဲ့ တချို့ဒေသတွေမှာ သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေတိုးစေတဲ့ ပိန်းမျိုးရင်း တစ်မျိုးဖြစ်တဲ့ “ဝဥ” ပင်တွေကို စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ ‘‘ဝဥ” ရဲ့ အတွင်းသားက အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်နဲ့ အနီရောင်ဆိုပြီးတော့ အရောင်လေးရောင်တွေ့ရပါတယ်။ မြန်မာ နိုင်ငံမှာဆိုရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်ကထွက်တဲ့ “ဝဥ”က အဝါရောင်မျိုးဖြစ်ပြီး ချင်းပြည်နယ်က “ဝဥ”က ပန်းရောင်မျိုး၊ ပဲခူးရိုးမ က “ဝဥ” အနီမျိုးနဲ့ “ဝဥ” အဖြူမျိုးတို့ထွက်ကြပါတယ်။ ‘‘ဝဥ” အဖြူမျိုးနဲ့ အဝါမျိုးက ချက်ချင်းချက်ပြုတ်စားနိုင်ပြီး ‘‘ဝဥ” အနီမျိုးက ယားယံတတ်တယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံဈေးကွက်မှာ “ဝဥ” အနီရောင်က ပထမတန်းစား၊ အဝါရောင်က ဒုတိယတန်းစားနဲ့ အဖြူရောင်က တတိယတန်းစားအနေနဲ့ အရောင်းအဝယ်ပြုကြတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ “ဝဥ” ကို စီးပွားဖြစ် စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာရှိတဲ့ ရွှေတောင်မြို့မှာလည်း ‘‘ဝဥ” တွေ အများအပြား စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကလေး၊ ဖောင်းပြင်မြို့တို့ရဲ့ တောတောင်တွေမှာ အဖြူရောင် မျိုးစိတ်တွေကို သဘာဝပေါက်ပင်အဖြစ် တွေ့ရှိရပါတယ်။ စိုက်ပျိုးသူအများစုက ချင်းပြည်နယ်ကထွက်တဲ့ ပန်းရောင် “ဝဥ” မျိုးကို ပိုကြိုက်ကြပါတယ်။ ချင်းပြည်နယ်မှာစိုက်တဲ့ “ဝဥ” ရဲ့ အားသာချက်က ဥကြီးထွားနှုန်းကောင်းပြီး အရွက်ပေါ်မှာ အသီးသီးပါတယ်။ ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ် မတူပီမြို့မှာ “ဝဥ” ဧက ၂၆၀ဝ နဲ့ မင်းတပ်မြို့မှာ “ဝဥ” ဧက ၄၃၁၀ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးထဲက တောတောင်တွေထဲမှာလည်း ဒေသအခေါ် ပိန်းဥလို့ခေါ်တဲ့ “ဝဥ”တွေ သဘာဝအလျောက် ပေါက်ရောက်နေကြပါတယ်။
“ဝဥ” စိုက်ပျိုးနည်း
“ဝဥ” ပင်တွေကို မိုးဦးကျကာလ ဇွန်လမှာ မိုးစက်မိုးပေါက်လေးတွေ ကျလာတာနဲ့ တစ်ပြိုင်နက် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လမှာ အရွက်ဖားဖားနဲ့ အပင်တွေကြီးထွား ဖြစ်ထွန်းလာပါတယ်။ စက်တင်ဘာလ လောက်မှာ ပင်စည်အရင်းဘက် မြေကြီးအတွင်းမှာ “ဝဥ”တွေ ကြီးထွားလာပြီး အောက်တိုဘာလပိုင်းရောက်ရင် အရွက်တွေပေါ်မှာ မျိုးဥသီးတဲ့ အဖြူရောင် “ဝဥ” နဲ့ ဖူးတံထွက်ပြီး အသီးပန်းခိုင်သီးတဲ့ အဝါရောင် “ဝဥ”တွေ ထွက်လာ ပါတယ်။ အရွက်တွေပေါ်ကထွက်တဲ့ မျိုးဥတွေကို စနစ်တကျခူးဆွတ်ပြီး စိုက်ပျိုးဖို့ မျိုးဥတွေအဖြစ် ပြန်လည်ရောင်းချကြပါတယ်။ အဝါရောင် “ဝဥ” က ထွက်လာတဲ့ဖူးတံတွေက နိုဝင်ဘာလကုန်ပိုင်း လောက်မှာ အသီးရင့်လာပြီး နီရဲနေတဲ့အသီးတွေ မြေပြင်ပေါ်ကြွေကျပြီးတော့ မိုးဦးကျကာလမှာ အပင်တွေ ပေါက်ရောက် တတ်တာကြောင့် မျိုးဆက် ပျံ့နှံ့လွယ်ပါတယ်။ ပင်စည်နဲ့အရွက်တွေ အဝါရောင်သန်းပြီး အရွက်တွေညှိုးကျတဲ့ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလကိုရောက်ရင် “ဝဥ ”တွေကို စတင် တူးဖော်နိုင်ကြပြီဖြစ်ပါတယ်။
“ဝဥ” စိုက်ပျိုးတဲ့အခါ မျိုးရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ “ဝဥ” က မြေပွကိုကြိုက်ပါတယ်။ “ဝဥ” ပင်ရအောင် ဥကနေလည်း စိုက်လို့ရပြီး အရွက်က နေလည်းစိုက်လို့ရသလို ဖူးတံကလည်း စိုက်လို့ ရပါတယ်။ ဥကိုစိုက်ရင် သုံးဆကနေ ၁၂ ဆအထိ ကြီးထွားနိုင်ပါတယ်။ ဖိအားနည်းတဲ့ ဆင်ခြေလျှော တောင်စောင်းမြေတွေမှာ သုံးပေကနေ လေးပေ တန်းကြား စိုက်ပျိုးကြပါတယ်။ အပင်အရေအတွက် အနေနဲ့ တစ်ဧကကို တန်းကြားလေးပေ၊ ပင်ကြား နှစ်ပေစိုက်ပျိုးပြီး “ဝဥ” အပင် ၅၅၀၀ ကျော် ဝင်ဆံ့ အောင် စိုက်ပျိုးသင့်ပါတယ်။ “ဝဥ” ကို စိုက်ပျိုးပြီး နှစ်ဝက်အတွင်းမှာ သတ်မှတ်အရွယ်အစား ရောက်ရင်တူးဖော်ကြရပါတယ်။ “ဝဥ” ကို တူးဖော် နိုင်တဲ့ သတ်မှတ်အရွယ်အစားက အမြင့် ခြောက် လက်မကနေ ရှစ်လက်မအတွင်း၊ အချင်း ၁၀ လက်မ နဲ့ လုံးပတ်အရွယ်အစားက နှစ်ပေ ခြောက်လက်မ ကနေ သုံးပေအထိ ရှိနိုင်ပါတယ်။
“ဝဥ”ပင်တွေကို စိုက်ပျိုးတဲ့အခါ ရေမဝပ်စေဖို့ သတိပြုရပါတယ်။ စိုက်ခင်းမှာ အရိပ်မရှိရင် ၆၀ ရာခိုင်နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပြီး အရိပ်ကြိုက်တဲ့အပင်မျိုးဖြစ်ပေမယ့် အရိပ်ထူရင် အလင်းရရှိတဲ့ဘက်ကို အပင်တွေ ယိုင်သွားတတ် ပါတယ်။ “ဝဥ” တစ်ဧကစိုက်ပျိုးရင် ငွေကျပ် သုံးသိန်းကနေ ငါးသိန်းအထိ ကုန်ကျပြီး အထွက် အနေနဲ့ တစ်နှစ်ပျမ်းမျှ “ဝဥ” အစို ပိဿာ ၃၀၀၀ ကနေ ၅၀၀၀ အထိ ထွက်ရှိပါတယ်။ တူးဖော်ရရှိတဲ့ “ဝဥ”တွေက အရွယ်အစားအမျိုးမျိုးရှိပြီး အကြီး ဆုံးအရွယ်အစားအနေနဲ့ တစ်ပိဿာခန့်ရှိတဲ့ “ဝဥ”တွေလည်းရရှိတတ်ပါတယ်။ တူးဖော်ပြီးတဲ့ “ဝဥ”တွေကို အရိပ်ရပြီး လေသလပ်တဲ့နေရာမှာ ထားသိုရပါတယ်။ တချို့ဒေသခံတွေက “ဝဥ”တွေကို တောတောင်တွေက တူးဖော်ယူလာပြီး ဒိုင်တွေကို သွားရောင်းလေ့ ရှိပါတယ်။ “ဝဥ”ပင်တွေက အရင်က တောတောင်တွေထဲမှာ သဘာဝပေါက်ပင်တွေ အနေနဲ့သာ ရှိခဲ့ရာကနေ ယခုအခါ စိုက်ပျိုးရလွယ်ကူပြီးဝင်ငွေရရှိနေတာကြောင့် မိမိတို့ရဲ့ အိမ်ခြံဝင်းတွေထဲမှာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုတွေ ပိုမိုများပြားလာကြပြီဖြစ်ပါတယ်။ ဒါ့ပြင်အဲဒီ “ဝဥ” အစိုတွေကို အခြောက် ပြုလုပ်ပြီး ပြည်ပကိုတွင်တွင်ကျယ်ကျယ်တင်ပို့ပြီး နိုင်ငံခြားဝင်ငွေတိုးစေတဲ့ အပင်ဖြစ်တာကြောင့်လည်း “ဝဥ”တွေကို စနစ်တကျနဲ့ အများအပြား စိုက်ပျိုးထုတ်လုပ်လာကြတာဖြစ်ပါတယ်။ ချင်းပြည်နယ်ကထွက်တဲ့ “ဝဥ” ထုတ်ကုန်တွေကို မန္တလေးပွဲရုံဈေးကွက်ကို အများဆုံးတင်ပို့လျက် ရှိပါတယ်။
“ဝဥ” ကိုဘယ်လိုသုံးသလဲ
ချင်းပြည်နယ်ကထွက်တဲ့ “ဝဥ” အမျိုးအစားက အကောင်းဆုံးဖြစ်တယ်လို့ အများကထောက်ခံ ထားကြပါတယ်။ အကောင်းဆုံး ချင်းပြည်နယ် ထွက် “ဝဥ”တွေကို စားသောက်ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရးလုပ်ငန်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ မျက်နှာပေါင်းတင်ဆေးများ၊ ကော်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက် လုပ်ငန်းစတဲ့လုပ်ငန်းတွေမှာ စက်မှုကုန်ကြမ်းသီးနှံ အဖြစ် အသုံးပြုကြတဲ့အပြင် တိရစ္ဆာန်အစာအဖြစ် လည်း စိုက်ပျိုးထုတ်လုပ်ပြီး အသုံးပြုကြပါတယ်။
“ဝဥ” ပြည်ပတင်ပို့မှုအခြေအနေ
“ဝဥ”ခြောက်တွေ ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့ ချင်းပြည်နယ်ရဲ့အကြီးဆုံး “ဝဥ” အခြောက်ခံ စက်ရုံကြီးကို ၂၀၁၉ ခုနှစ်က ချင်းပြည်နယ် မင်းတပ်မြို့က ထင်းချောင်းအနီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ မင်းတပ်မြို့၊ မတူပီမြို့နဲ့ ကန်ပက်လက်မြို့တို့မှာ “ဝဥ” စိုက်ပျိုး တောင်သူ ၈၀ဝ ကျော်ရှိပြီး အသင်းအဖွဲ့တွေလည်း ဖွဲ့စည်းထားရှိပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကန်ပက်လက် မြို့မှာစိုက်တဲ့ “ဝဥ”တွေက အရည်အသွေးပိုကောင်းတာကြောင့် ၂၀၁၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဝယ်ယူတယ်လို့သိရပါတယ်။ “ဝဥ”ခြောက်တွေကို ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့ရောင်းချပေးရပြီး “ဝဥ”ခြောက်တွေကို အစားအသောက်အနေနဲ့ ပြုလုပ် စားသောက်ပေးမယ်ဆိုရင် အသက်ရှည်တယ်လို့ ဆိုကြပါတယ်။ “ဝဥ” ခြောက်တွေရဖို့ “ဝဥ”အစိုတွေကို အပြားညီအောင်ပါးပါးလှီးပြီး နှစ်ရက်ခန့် နေအခြောက်လှန်းရပါတယ်။ လှီးဖြတ်တဲ့အခါမှာ လက်တွေ ယားယံတတ်လို့ လက်အိတ်စွပ်ပြီး လှီးဖြတ်ရပါတယ်။ “ဝဥ” အစိုခုနစ်ပိဿာခန့် အခြောက်လှန်းရင် “ဝဥ” အခြောက်တစ်ပိဿာခန့်သာ ထွက်ရှိပါတယ်။ ဂျပန်ကိုတင်ပို့တဲ့ “ဝဥ”ခြောက်တွေကို နေလှန်းခြင်းနည်းနဲ့ အခြောက်ပြုလုပ်တင်ပို့ပေးသော်လည်း တရုတ်နိုင်ငံကိုတင်ပို့တဲ့ “ဝဥ”ခြောက်တွေကတော့ ဖိုတွေမှာ မီးငွေ့ငွေ့နဲ့ အခြောက်ပြုလုပ်ပြီး တင်ပို့ပေးတယ်လို့ သိရပါတယ်။ နေလှန်းနည်းက အရောင်အဆင်း မလှဘဲ ဖိုတွေမှာမီးတင်ပြီး အခြောက်ပြုလုပ်တဲ့နည်းက အရောင်အသွေးပိုမိုလှပပါတယ်။
“ဝဥ” ရဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုတွေမှာ ကစီဓာတ်၊ ရေဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ကော့ပါး၊ ဆီလီနီယမ်စတဲ့ အာဟာရဓာတ်မျိုးစုံနဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတို့ ပါဝင်ပါတယ်။ “ဝဥ” စားသုံးခြင်းကို ကျန်းမာရေး ရှုထောင့်ကကြည့်မယ်ဆိုရင် ပရိုတင်းပါဝင်နေတဲ့ “ဝဥ” က ကိုယ်ခံအားကို ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ “ဝဥ” မှာ အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် အစာချေဖျက်မှု အားကောင်းပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အာရုံစူးစိုက်မှုကို ကောင်းစေသလို ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ “ဝဥ”မှာ ပါဝင်နေတဲ့ ဗီတာမင်စီကြောင့် အသားအရေကို ကြည်လင်စေသလို အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေပါတယ်။
“ဝဥ”မှာ ပေါကြွယ်ဝစွာပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့အပြင် ကိုယ်တွင်းရောင်ရမ်းမှုကို သက်သာစေပြီး သွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ကို လျှော့ချပေးလို့ ဆီးချိုရောဂါသည်တွေ ထမင်းအစားထိုးစားသုံးနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ် ကို ထိန်းညှိပေးပြီး ကိုလက်စထရောပမာဏနဲ့ အစာချေကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိပါတယ်။ ကိုယ်တွင်းက ကိုလက်စထရောပမာဏကို နည်းစေလို့ နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်နိုင်ပါတယ်။ အရေပြားချောမွတ်စေကာ လက်သည်းတွေ အတွက်လည်း ကောင်းမွန်ပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့အပြင် အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားရတတ်တဲ့ဝေဒနာတွေ ကိုလျော့ကျစေတဲ့အတွက် စားသုံးဖို့သင့်တော်ပြီး ကျန်းမာရေးကောင်းကျိုး များစွာကိုရရှိစေတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် “ဝဥ”ကို အမျိုးသမီးတွေဗိုက်ရွှဲတာနဲ့ ဆီးအိမ်ကြီးတာကို ကာကွယ်ဖို့နဲ့ လူ့ခန္ဓာကိုယ်မှာ လိုအပ်တာ ထက်ပိုပြီးတော့ အဆီတွေ အစိုင်အခဲဖြစ်တာကို ဟန့်တားဖို့အတွက်လည်း အသုံးပြုကြပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ “ဝဥ”က အစာအိမ်ကို ကျန်းမာစေသလို အူတွေရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အာဟာရစုပ်ယူနိုင်စွမ်းကောင်းစေဖို့နဲ့ ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
“ဝဥကြာဆံ”ရဲ့ကောင်းကျိုးအဖြာဖြာ
“ဝဥကြာဆံ”က အစာချေမှုလုပ်ငန်းစဉ် နှေးကွေးတာကြောင့် အစာပိုစားခြင်းကိုရှောင်ရှားဖို့ ကူညီ ပေးတဲ့အနေနဲ့ အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ကျန်းမာတဲ့ ဗက်တီးရီးယားပိုးတွေဟာ အူလမ်းကြောင်း ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့အမျှင်ဓာတ်ကို ကျွေးမွေးတာကြောင့် အူလမ်းကြောင်း ကျန်းမာရေးကိုတိုးတက်စေပါတယ်။ “ဝဥကြာဆံ”မှာ သကြားဓာတ်၊ အဆီဓာတ်နဲ့ အာဟာရဓာတ်တွေ မပါရှိတာကြောင့် ကိုယ်တွင်းအချိုဓာတ်တွေကို လျော့ကျစေပါတယ်။ ဝမ်းချုပ်သူတွေ၊ သွေးတိုး ဆီးချိုရှိသူတွေ၊ ကိုယ်အလေးချိန်ထိန်းလိုသူတွေ အတွက် အထူးသင့်လျော်တဲ့ ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးကြပါတယ်။ ဆီးချိုရောဂါ ကုသဆေးတွေ၊ ဝမ်းရောဂါဆေးတွေနဲ့ သွေးတိုး ရောဂါကုဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမှာလည်း ပါဝင်ပစ္စည်းတွေအဖြစ် အသုံးဝင်တဲ့အပင်မျိုး ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ “ဝဥ” က ဈေးကွက် ဝယ်လိုအားများနေတယ်လို့ သိရပါတယ်။ ချင်း ပြည်နယ်မှာ “ဝဥ” သီးနှံကို ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ အတိုင်းအတာတစ်ခုအထိပဲ လုပ်နိုင်ပါသေးတယ်။ စိုက်ဧကတွေတိုးလာဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ “ဝဥ”တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ဆိုရင် တောင်သူတော်တော်များများအတွက်တော့ “ဝဥ” ပင်စိုက်ပျိုးရင်ကုန်ကျမယ့် စိုက်ပျိုးစရိတ်နဲ့ လုပ်အားခအပါအဝင် မတည်ရင်းနှီးငွေနဲ့ နိုင်ငံတော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှုတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ဝဥထုတ်ကုန်နဲ့ နိုင်ငံ့စီးပွားတိုးတက် ရေးအတွက် များစွာအကျိုးရှိထိရောက်လာစေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။