၂၅ ဇူလိုင်
မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာအသုံးပြုသူ ၂၁ သန်း ရှိသည်ဟု သတင်းများတွင် တွေ့ရသည်။ ဆိုရှယ်မီဒီယာဟု ဆိုရာတွင် မြန်မာအများစု အသုံးပြုသည်မှာ ဖေ့စ်ဘွတ်ဖြစ်သည်။ ဖေ့စ်ဘွတ်ကို တောရော မြို့ပါ အလွှာအသီးသီး အရွယ်သုံးပါးမရွေး သုံးစွဲနေကြခြင်းလည်း ဖြစ်သည်။
ဆိုရှယ်မီဒီယာကို အသုံးပြုသည့်အခါ အကျိုးရှိသလို အကျိုးမဲ့ စေနိုင်သည်။ အသုံးပြုသူ၏ ပညာအခံ၊ ဉာဏ်အမြော်အမြင်နှင့် သတိသမ္မစဉ်တို့ကလည်း အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်းတို့ကို ပြဋ္ဌာန်းနိုင်သည်။ မြန်မာနိုင်ငံအတွင်း ဖေ့စ်ဘွတ်သုံးစွဲသူများ၏ ထက်ဝက်ခန့်မှာ အကောင့်အတုများဖြစ်သည်ဟု ဆိုသည်။ သုံးစွဲသူ၏ ရုပ်ပုံအမှန်၊ အမည်အမှန်၊ ကိုယ်ရေးအကျဉ်းအမှန်တို့ကို မဖော်ပြဘဲ မမှန်မကန် ရေးသားဖြန့်ဝေနိုင်ရန် အတွက် အကောင့်အတုများကို သုံးစွဲကြခြင်းဖြစ်သည်။ ရုန့်ရင်းကြမ်းတမ်းသည့် စကားများ၊ ရိုင်းစိုင်းသည့် အရေးအသားများ လူတစ်ဦးနှင့်တစ်ဦး မုန်းတီးစေရန်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ဘာသာတစ်ခုနှင့်တစ်ခုအကြား သံသယပွားရန်၊ မုန်းတီးရန်၊ ပဋိပက္ခဖြစ်ရန် ဖန်တီးထားသည့် သတင်းတု သတင်းမှားများ၊ အမုန်းစကားများကိုလည်း ဖေ့စ်ဘွတ်ပေါ်တွင် မကြာခဏ တွေ့မြင်ရသည်။
ယင်းသို့သော အရေးအသားများ၊ သတင်းအတု သတင်းမှားများ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုတို့နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတို့ကိုထိခိုက်ပျက်ပြား စေသည့် အမုန်းစကား ပြောဆိုထုတ်လွှင့်မှုများကို နိုင်ငံသူ နိုင်ငံသား အားလုံး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးက သတိထားကာ ဆန့်ကျင်ကြဖို့လိုသည်။ လက်ရှိကာလသည် မိမိတို့နိုင်ငံအဖို့ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရချိန်ဖြစ်ပြီး အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် အားထုတ်ကြိုးပမ်းနေရချိန်လည်း ဖြစ်သည်။ အစိုးရနှင့် ပြည်သူအကြား၊ ပြည်သူများအချင်းချင်းအကြား၊ ကိုးကွယ်မှုဘာသာ တစ်ခုနှင့်တစ်ခုအကြား၊ တိုင်းရင်းသား ပြည်သူများအချင်းချင်းအကြား၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား စသည်စသည်ဖြင့် နေရာအသီးသီး အလွှာအသီးသီးတို့တွင် စည်းလုံးညီညွတ်နေဖို့လိုသည်။ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ ကိုယ်ချင်းစာမှုတို့ဖြင့် တစ်သွေးတည်း တစ်သားတည်း စိတ်ထားဖို့လိုသည်။
လာမည့် နိုဝင်ဘာ ၈ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ သတင်းတု သတင်းမှားများနှင့် အမုန်းစကားများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေမှု၊ အဖျက်အမှောင့်ပြုမှုများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများကို ဂရုပြုကြရန် လိုအပ်သည်။ ဆိုရှယ်မီဒီယာတွင် ဖော်ပြလာသည့် အကြောင်းအရာကို ဂရုစိုက်၍ ဖတ်ရှုခြင်း၊ နားထောင်ခြင်းနှင့်အတူ အမှားအမှန်ကို ဝေဖန်စိစစ်နိုင်ရန်လည်း လိုအပ်သည်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့်ကောင်းကျိုး၊ ဆိုးကျိုး တို့ကိုလည်း မျှော်တွေးချင့်ချိန်နိုင်ရန် လိုအပ်သလို သတင်းတု သတင်းမှားနှင့် အမုန်းစကားတို့ကို ထပ်ဆင့်ဖြန့်ဝေခြင်း မပြုကြရန်လည်း လိုအပ်သည်။
မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် အစိုးရနှင့် ပြည်သူတို့၏ စုပေါင်းစွမ်းအားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ခိုင်ခိုင်မာမာ၊ ထည်ထည်ဝါဝါ ပေါ်ထွန်းလာရေးအတွက် တည်ဆောက် နေကြသည့် အချိန်ကာလဖြစ်သည်။ ယင်းသို့သော အချိန်ကာလတွင် ပြည်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ရန်နှင့် ဘယ်သူခွဲခွဲ မကွဲရန်၊ ဘယ်သူဖျက်ဖျက် မပျက်ရန် အထူးလိုအပ်ပါသည်ဟု အကျိုးမျှော်ကာ နှိုးဆော်ရပါကြောင်း။
မြန်မာ့အလင်း