ပင်လည်ဘူး ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာန၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းကုသခြင်းကို ဇူလိုင် ၂၈ ရက်က မြေလင်းစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးဦးစီးဌာန မြေလင်းကျေးလက်ကျန်းမာရေးမှူး ဦးမြင့်ကျော်၊ မြို့နယ် တိုင်းရင်းဆေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်တို့မှ ရာသီတုပ်ကွေး H1N1 ရောဂါအကြောင်း၊ ကျောင်းသား ကျောင်းသူများအား နေထိုင်စားသောက်မှုနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ကွင်းဆင်းကုသရေးအဖွဲ့မှ ကျန်းမာရေးမကောင်းသည့် ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာသူ ကျေးရွာသားများအား အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးကာ ကျေးရွာအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရန် လူနေအိမ်များရှိ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ရေအိုး၊ ရေခွက် များအား ဖုံးအုပ်ခြင်းနှင့် အသုံးမပြုသည့် စွန့်ပစ်ပစ္စည်း အိုးခွက်ဟောင်းများ သွန်၊ လှဲ၊ စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)