မောင်သာ(ရှေးဟောင်းသုတေသန)

ထေရဝါဒ ဗုဒ္ဓဘာသာကို ပြည်သူအများစု ယုံကြည်ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘုရားရှင်၏ ဆင်းတုရုပ်ပွားတော်များအား နိုင်ငံအနှံ့ မြင်တွေ့ကြရပြီး ပျူခေတ်ကာလမှ ယနေ့တိုင် ထုလုပ်ခဲ့သည့် ဆင်းတုရုပ်ပွားများသည် နိုင်ငံအတွင်း အလွန်များပြားစွာ ရှိနေပေသည်။

ဗုဒ္ဓဘာသာဝင်များ၏အိမ်တိုင်းတွင် ဆင်းတုတော်များ ထားရှိပူဇော်ကြသကဲ့သို့ မြို့ရွာအသီးသီးရှိ ဘုရားကျောင်းကန် စေတီများတွင်လည်း ဗုဒ္ဓဆင်းတုတော်များကို အရွယ်မျိုးစုံ၊ ဟန်မျိုးစုံ တွေ့ မြင်ကြရသည်။ ဗုဒ္ဓဆင်းတုတော်များကို လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုဒ် လေးပါးအနက် ဟန်တစ်မျိုးမျိုးဖြင့် ထုလုပ်လေ့ရှိကြရာ ထိုင်တော်မူနှင့် ရပ်တော်မူ ရုပ်ပွားတော်အချို့၏ ကျောဘက်တွင် သစ်သားတံကဲတစ်ခုကို ထားရှိကြသည်။ (တံကဲကို မြန်မာအဘိဓာန်တွင် ပလ္လင်နောက်မှီဟု အဓိပ္ပာယ်ဖွင့်ဆို သည်။)

ကြီးမားသော ဆင်းတုတော်များ၏ တံကဲတော်များကို ကနုတ်ပန်းများ၊ ရုပ်လုံး ရုပ်ကြွများဖြင့်  ထုလုပ် တန်ဆာဆင်ခဲ့ကြသဖြင့် ပခုက္ကူမြို့ရှိ ရွှေကူတံကဲ အပါအဝင် မြန်မာမှုလက်ရာ တံကဲကြီးများသည် အလွန်ထင်ရှားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ရှိ ပြည်လုံးချမ်းသာဘုရားကြီးမှ တံကဲတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကျောင်းထိပ်မှ ကုန်း ကျောင်းကုန်း

ကျောင်းကုန်းမြို့သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ မြို့နေလူဦးရေ ၁၅၃၆၈ ဦးသာရှိသည့် အေးချမ်းသော မြို့ငယ်တစ်ခုဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ လွန်ခဲ့သော နှစ်များစွာက ယခုကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနေရာတွင် ပုသိမ်မြို့မှ ဆရာတော်ဦးသုမဏ သီတင်းသုံးခဲ့သည့်ဘုန်းကြီးကျောင်း ရှိခဲ့သည်။ ထိုကျောင်းနေရာသည် ကုန်းလမ်းနှင့် ရေလမ်းမှ သွားလာကြသည့် ခရီးသည်များ နားနေသည့်နေရာတစ်ခု ဖြစ်ခဲ့ပြီး ထိုနေရာ၌ ရွာတည်ခဲ့ချိန်တွင် ဘုန်းကြီးကျောင်း တည်ရှိသည့်ကုန်း(ကျောင်းကုန်း)ဟု အမည်တွင်ခဲ့ကြောင်း မှတ်တမ်းပြုခဲ့သည်။

မျက်ရှင်တော် ပြည်လုံးချမ်းသာဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသန်းမြင့် ပြုစုသည့် ဘုရားသမိုင်းစာအုပ်တွင် ယခင်က အဂ္ဂချောင်းနှင့် အနော်မာချောင်း ကြား၌ရှိသည့် သုသာန်တွင် ဇရပ်ကျောင်းတစ်ဆောင်ရှိခဲ့ကြောင်း၊ ရေလမ်းခရီး သွားလာကြသူများသည် သုသာန်ဇရပ်ကျောင်းရှိ ကုန်းတွင် တစ်ထောက်နားလေ့ ရှိကြရာမှ ကျောင်းကုန်းရွာလေးဟု အမည်တွင်ခဲ့ကြောင်း ရေးသားခဲ့သည်။ 

မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ပြီးနောက် ခရစ်နှစ် ၁၈၉၂ ခုနှစ်တွင် ကျောင်းကုန်း၌ မြို့ပိုင်ရုံးဖွင့်လှစ်ခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၂ ဇွန် ၂၄ ရက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ကျောင်းကုန်းမြို့နယ်ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် ကျောင်းကုန်းမြို့နယ်၌ ရပ်ကွက် သုံးခု၊ ကျေးရွာ ရပ်ကွက် ၆၅ ခုနှင့် ကျေးရွာ ၄၁၆ ရွာ ရှိသည်။


ပုသိမ်ခရိုင်တွင်ပါဝင်သည့် ကျောင်းကုန်းမြို့နယ်သည် ၂၆၂ ဒသမ ၇၉ စတုရန်းမိုင် ကျယ်ဝန်းလျက် မြို့နယ်တည်နေရာ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၅ မိနစ် ၄၅ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၉ မိနစ် ၄၅ စက္ကန့် ဖြစ်သည်။ ကျောင်းကုန်းမြို့နယ်သည် အရှေ့ဘက်တွင် ပန်းတနော်မြို့နယ်၊ အနောက်ဘက်တွင် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်၊ တောင်ဘက်တွင် အိမ်မဲမြို့နယ်၊ မြောက် ဘက်တွင် ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့နှင့် နယ်နိမိတ်ထိဆက်နေကာ မြို့၏အကျယ်အဝန်းသည် ၅ ဒသမ ၄၂ စတုရန်းမိုင်ဖြစ်သည်။ ဒါးကမြစ်သည် မြို့နယ်အတွင်း ဝက်ချောင်းကျေးရွာမှ ဗြိုက်ကြီးကျေးရွာအထိ မြောက်မှတောင်သို့ ၂၃ မိုင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ 

မြို့နယ်အတွင်း ဗမာလူမျိုး ၆၅ ရာခိုင်နှုန်းနှင့် ကရင်လူမျိုး ၃၄ ရာခိုင်နှုန်း နေထိုင်ကြကာ မြို့နယ်၏လူဦးရေ ၁၆၇၁၀၁ ဦးအနက် ဗုဒ္ဓဘာသာကိုးကွယ်သူ ၁၅၀၆၂၀ ရှိသည်။ မြို့နယ်အတွင်း၌ ဘုရားစေတီ ၇၆ ဆူ၊ ဘုန်းကြီးကျောင်း ၂၁၆ ကျောင်း၊ သီလရှင်ကျောင်းတစ်ကျောင်း ရှိကာ ရဟန်း ၆၆၅ ပါး၊ သာမဏေ ၃၆၃ ပါး၊ သီလရှင် ၅၇ ပါး သီတင်းသုံးနေကြသည်။ မြို့နယ်အတွင်းရှိ ဘုရားများအနက် အမှတ်(၂) ရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုရား၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဘုရား၊ ရေ ခလုပ်ရွာရှိ ထူပါရုံဘုရားနှင့် မင်းမနိုင်ဘုရားတို့သည် အထူးထင်ရှားသည်။ 

မျက်ရှင်တော် ပြည်လုံးချမ်းသာ ဘုရား

ကျောင်းကုန်းမြို့လယ်ရှိ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ဝင်းထဲ၌ သီတင်းသုံးနေသည့် ပြည်လုံးချမ်းသာရုပ်ပွားတော်သည် သက်တမ်း နှစ် ၁၀ဝ ကျော်ပြီဖြစ်သည့် ရှေးဟောင်းဆင်းတုတော်ကြီးဖြစ်သည်။ ယင်းဆင်းတုတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ်တွင် လက်ရှိနေရာ၌ ထားရှိပူဇော်ခဲ့ပြီး ဘုရားကြီးတည်ထားသည့် မြန်မာသက္ကရာဇ်ကို' အေးချမ်းသာတုန်း ကြုံကြိုက်တုန်း၊ ထေရ်ဘုန်း ဘုရားတည်'ဟု မှတ် သားခဲ့ကြသည်။ ပြည်လုံးချမ်းသာရုပ်ပွားတော်ကြီးကို ပူဇော်ခဲ့သည့် ဆရာတော် ဘဒ္ဒန္တကေသရ မဟာထေရ်သည် မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ်တွင် ကျောင်းကုန်းမြို့ ဒက္ခိဏရာမ ရွှေကျင်စာသင်တိုက်ကို ထူထောင်ခဲ့ရာ ‘အေးချမ်းပြည်လုံး ကြုံကြိုက်တုန်း၊ ထေရ်ဘုန်းကျောင်းတိုက်တည်’ ဟု ထပ်မံမှတ်သားခဲ့ကြသည်။ 

ဆရာတော်သည် ကျောင်းတိုက်ဝင်းအတွင်းရှိ ပြိုပျက်နေသည့် စေတီကုန်း ၂၀ မှ ဓာတ်တော်မွေတော်များကို စုစည်းလျက် ပြည်လုံးချမ်းသာရုပ်ပွားတော်ကြီးကို ထုလုပ်ကာ ဒက္ခိဏရာမ ရွှေကျင်စာသင်တိုက်ဝင်းအတွင်းရှိ ခြောက်ဧကကျယ်ဝန်းသည့် လက်ရှိနေရာတွင် ပူဇော်ခဲ့သည်။ ဉာဏ်တော်၂၅ ပေ ၇ လက်မ၊ ကိုယ်လုံးတော် ပတ်လည် ၂၃ ပေရှိသည့် ရုပ်ပွားဆင်းတုတော်ကြီးကို ခြောက်ပေမြင့်သည့် ပလ္လင်တော်ပေါ်တွင် တင်လှူထားရှိခဲ့ရာ ယနေ့တိုင် ဖူးမြင်နိုင်ကြပေသည်။

ဆင်းတုတော်ကြီး ထုလုပ်ပူဇော်ရန် ထိုစဉ်က ကျောင်းကုန်းမြို့အုပ် ဦးရွှေသားနှင့် မြို့သူမြို့သားများက ဝိုင်းဝန်းကူညီ စုပေါင်းလှူဒါန်းခဲ့သဖြင့် မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ် နယုန်လဆန်း ၁၄ ရက်(ခရစ်နှစ် ၁၉၀၅ ဇွန် ၁၅ ရက်)တွင် ပန္နက်တင်ခဲ့သည်။ ဆရာတော် ဘဒ္ဒန္တကေသရမဟာထေရ် ပျံလွန်တော်မူပြီးနောက် သက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ဒုတိယဆရာတော် ဘဒ္ဒန္တကုသလသည် ရေကြည်မြို့မှ ပန်းပုပညာရှင် ဦးချစ်လှိုင်နှင့် တိုင်ပင်လျက် သဲကိုကျိုချက်ထားသည့် မျက်လုံးတော်ကို ရုပ်ပွားတော်တွင် တပ်ဆင်ပူဇော်ခဲ့သည်။ ယင်းမျက်လုံးတော်သည် လူသားတစ်ဦး၏ ပကတိမျက်လုံးကဲ့သို့ အသက်ဝင်လှသဖြင့် မျက်ရှင်တော် ပြည်လုံး ချမ်းသာဘုရားကြီးဟု ဘွဲ့မည်ဖြင့် ထင်ရှားလာခဲ့သည်။

ပလ္လင် တံကဲ

မြန်မာအဘိဓာန်က ပလ္လင်နောက်မှီဟု ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် တံကဲသည် သစ်သား(သို့မဟုတ်) အင်္ဂတေကို ခြူးပန်း၊ ခြူးနွယ်၊ ကနုတ်များဖြင့် အလှဆင်ထုလုပ်သည့် မြန်မာ့ရိုးရာ ပန်းပုနှင့် ပန်းတော့ အနုပညာလက်ရာဖြစ်သည်။ မြန်မာ့ဗိသုကာပညာရပ်တွင် စုလစ်မွမ်းချွန်ဟုခေါ်သည့် အပြောက်အမွမ်းများကို သစ်သား၊ ကျောက်၊ အင်္ဂတေ၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သတ္တု စသည်တို့ဖြင့် ပြုလုပ်လေ့ရှိခဲ့သည်။ အပြောက်အမွမ်းများကို ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံးများဖြင့် ပုံသ္ဌာန်အမျိုးမျိုး ပုံဖော်ကြသလို ဘီလူးပန်းဆွဲ၊ ဂဠုန်၊ ကိန္နရာ၊ သိကြားမင်း၊ ဥဒေါင်း၊ ဆင်၊ ခြင်္သေ့ စသည့် အရုပ်များကိုလည်း ပန်းကနုတ်များဖြင့် လက်ရာမြောက်စွာ အလှဆင်ထုလုပ်ကြသည်။

မြန်မာမှုလက်ရာ အပြောက်အမွမ်းများအနက် သစ်သားတံကဲ အနုလက်ရာများကို မြန်မာနိုင်ငံအနှံ့အပြားရှိ စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်း၊ တန်ဆောင်း စသည့် သာသနိကအဆောက်အအုံများတွင် အများဆုံးတွေ့ရှိနိုင်သည်။ တံကဲကို ပလ္လင်နှင့် တွဲ၍ ပလ္လင်တံကဲဟု ခေါ်ဆိုပြီး မြန်မာအဘိဓာန်က ပလ္လင်ကို ‘မြင့်မြတ်သောပုဂ္ဂိုလ်တို့ ထိုင်ရန်ပြုလုပ်ထားသော ခုံမြင့်’ ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ပလ္လင်တံကဲတွင် ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ ဒေါင်းမြီးယပ်၊ ဆင်နား၊ တံခါးတိုင်၊ သိကြား၊ ကိန္နရာ၊ သမ္မာဒေဝ၊ ခြူး၊ ကြာ၊ ဦးဆောက်ပန်းဟူသည့် နေရာ ၁၂ ခု ထည့်သွင်းပြုလုပ်လေ့ရှိရာ ခြင်္သေ့ကို ပလ္လင်အောက်ခုံနေရာတွင် အများဆုံးထုလုပ်ကြသည်။ ယင်းတို့ကို သီဟာသနပလ္လင် တွင် ထင်ရှားစွာ မြင်တွေ့ ကြရပေသည်။

ဆင်းတုရုပ်ပွားတော်များ၏ နောက်မှီ သစ်သားတံကဲအပြင် ဘုရားစေတီတော် များ၏ မုခ်ပေါက်များတွင် အုတ်အင်္ဂတေဖြင့်ပြုလုပ်သည့် မုခ်ကပ်တံကဲများကို တွေ့ရှိ နိုင်သည်။ ဘုရားတန်ဆောင်းများ၏ ဝင်ပေါက်အထက် မုခ်ခုံး၊ ဝင်ပေါက် မုခ်ဝ၊ မုခ်ဦး၊ ပြတင်းနှင့် တံခါးပေါက်နေရာများတွင် အင်္ဂတေတံကဲများကို ပန်းကနုတ်များဖြင့် အလှဆင်ကာ မုခ်ကပ်များအဖြစ် တပ်ဆင်ကြသည်။ ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများရှိ မုခ်တံကဲများကိုမူ သစ်သားဖြင့် အများဆုံးပြုလုပ်ကြပြီး ပန်းကနုတ်များနှင့်အတူ သိကြားမင်း၊ နတ်၊ ကျေး၊ ဒေါင်း အစရှိသည့် ရုပ်တုများကိုပါ ထည့်သွင်း ထုလုပ်ကြသည်။

ဗုဒ္ဓဝင်ဇာတ်တော်၊ နိပါတ်တော်များထဲမှ ဇာတ်ကွက်များကို ပန်းခက်ပန်းနွယ် များဖြင့် ပုံဖော်ထားသည့် တံကဲများသည် သစ်သားပြားများကို သုံးထပ်၊ ငါးထပ်၊ ရှစ်ထပ်စသည်ဖြင့် အလွှာများပြုလုပ်၍ အနုစိတ်ပုံဖော်သည့် မြန်မာ့လက်မှုအနုပညာ လက်ရာများဖြစ်ကြသည်။ ယခုအချိန်တွင် ပုဂံ၊ အင်းဝ၊ ညောင်ရမ်းခေတ်များက ထုလုပ်ခဲ့သည့် သစ်သားတံကဲများသည် ဆွေးမြည့်ပျက်စီးမှုကြောင့် များစွာမကျန်ရှိတော့ဘဲ ကုန်းဘောင်ခေတ်လက်ရာ သစ်သားတံကဲများကိုသာ အများဆုံး မြင်တွေ့ နိုင်ကြပေသည်။

ပြည်လုံးချမ်းသာတံကဲတော်

ကျောင်းကုန်းမြို့ရှိ ပြည်လုံးချမ်းသာ ရုပ်ပွားတော်နှင့်အတူ သက်တမ်း နှစ်ပေါင်း ၁၀ဝ ကျော်ပြီဖြစ်သည့် တံကဲတော်ကြီးကို လာရောက်လေ့လာရန် ဒက္ခိဏာရာမ ရွှေကျင်စာသင်တိုက် တိုက်အုပ်တိုက်ကြပ်ဆရာတော် ဦးဣန္ဒြိယ၏ ဖိတ်ခေါ်မှုအရ ကျောင်းကုန်းမြို့သို့ ရောက်ရှိခဲ့ရာ ပြည်လုံးချမ်းသာဘုရားကြီး၏ တံကဲတော်သည် ကျွန်တော်မြင်တွေ့ဖူးခဲ့သည့် သက်တမ်း နှစ် ၁၀ဝ ကျော် သစ်သားတံကဲများအနက် အမြင့်ဆုံးနှင့် အကြီးဆုံး ဖြစ်ပေသည်။

ဘဒ္ဒန္တကေသရ မဟာထေရ်သည် ပြည်လုံးချမ်းသာရုပ်ပွားတော်ကို ထုလုပ်ပြီး လက်ရှိပလ္လင်တော်ပေါ်၌ အပူဇော်ခံထားရှိချိန်တွင် ရုပ်ပွားတော်ကြီး၏ ကျောဘက်၌ ထားရှိမည့် တံကဲတော်ထုလုပ်ရန် ပခုက္ကူမြို့ရှိ ရွှေကူတံကဲ၊ သီဟိုဠ်ရှင်ဘုရား တံကဲနှင့် ကနောင်မြို့ရှိတံကဲတို့ကို ထုလုပ်ခဲ့သူ ပန်းပုဆရာ ဦးကံကြီးနှင့် သား ဦးတေတို့အား လုပ်ငန်းအပ်နှံခဲ့သည်။ တံကဲတော်ကြီးကို ကျွန်းသစ်တုံး ငါးတုံး၏ အထပ်ငါးထပ်တွင် ကနုတ်ပန်းများ၊ လူ၊ နတ်၊ တိရ္ဆာန်ရုပ်များ ထည့်သွင်း၍ ထုလုပ်ခဲ့သည်။ တံကဲတော် ထုလုပ်ချိန် သုံးနှစ် ကြာမြင့်ခဲ့ကာ လုပ်အားခ ကျပ် ၉၆၀ဝ ကျသင့်ခဲ့သဖြင့် ထိုစဉ်က ရွှေဈေးအရ ရွှေသုံးပိဿာတန်ဖိုး ဖြစ်ပေသည်။

အလွှာအထပ်များပြုလုပ်၍ အလှဆင်ထားသည့် တံကဲတော်များအနက် ပခုက္ကူ မြို့ရှိ ရွှေကူတံကဲတော်သည် အထင်ရှားဆုံးဖြစ်ကာ သီဟိုဠ်ရှင်ဘုရားရှိ တံကဲတော် မှာမူ မီးလောင်ကျွမ်းခံရခြင်းကြောင့် ဓာတ်ပုံကိုသာ မြင်ကြရသည်။ ကျောင်းကုန်း ပြည်လုံးချမ်းသာ တံကဲတော်ကို ရွှေကူတံကဲ၊ သီဟိုဠ်ရှင်တံကဲနှင့် ကနောင်တံကဲတို့ကို ထုလုပ်ခဲ့သည့် ပန်းပုပညာရှင် သားအဖကပင် ထုလုပ်ခဲ့သဖြင့် လက်ရာများသည် များစွာတူညီနေခဲ့သည်။ ရွှေကူတံကဲတွင် ပန်းပုရုပ် ၁၃၆ ရုပ်နှင့် တိရ္ဆာန် ၁၈ ရုပ် ထည့်သွင်းထုလုပ်ခဲ့ကာ ပြည်လုံးချမ်းသာတံကဲတော်တွင် လူ၊ နတ်၊ ဗြဟ္မာရုပ် ၁၇၄ ရုပ်နှင့် တိရ္ဆာန်ရုပ် ၁၂ ရုပ် ပါရှိခဲ့သည်။ ရွှေကူတံကဲတော်ကို အထူ ရှစ်လက်မရှိသည့် ယမနေသစ်တုံး ငါးတုံးဖြင့် ထုလုပ်ခဲ့ကာ ပြည်လုံးချမ်းသာတံကဲတော်ကို ကျွန်းတုံး ငါးတုံးဖြင့် ထုလုပ်ခဲ့သည်။ တံကဲတော်၏အထူသည် ရုပ်ပွားတော်၏ လက်ဝဲဘက် ခြမ်း၌ ခြောက်လက်မဖြစ်၍ လက်ယာဘက်ခြမ်း၌ ခုနစ်လက်မဖြစ်သည်။

ရွှေကူတံကဲတော် အမြင့်သည် ၁၂ ပေ ၁၀ လက်မ၊ ရွှေတန့်တစ်တံကဲသည် အမြင့် ၁၃ ပေ ၃ လက်မရှိကာ ပြည်လုံးချမ်းသာတံကဲသည် ၂၅ ပေ ၇ လက်မ မြင့်သဖြင့် အမြင့်ဆုံးဟု ဆိုနိုင်ပေသည်။ တံကဲတော်အရွယ်မှာ ရွှေကူတံကဲက ၅ ပေ ၁၀ လက်မ၊ ရွှေတန့်တစ်တံကဲက ၁၀ ပေဖြစ်ပြီး ပြည်လုံးချမ်းသာတံကဲက ၁၅ ပေ ၁၀ လက်မ ရှိသဖြင့် အကြီးဆုံးဖြစ်သည်။

တံကဲတော်နှင့် ဗုဒ္ဓဝင်ဇာတ်ကွက်များ

ပန်းပုဆရာ ဦးကံကြီးနှင့် သားဦးတေတို့သည် တံကဲတော်များတွင် ပန်းကနုတ်များ နှင့်အတူ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်လာ ဇာတ်ကွက်များကို ထုလုပ်ခဲ့ရာ ရွှေကူတံကဲတော်တွင် ဒေဝါရောဟဏဇာတ်၊ နေမိဇာတ်၊ သာဓိဏဇာတ်နှင့် ဗိမ္ဗိသာရဇာတ်တို့မှ ဇာတ်ဝင်ခန်း ၁၂ ခန်းကို ထွင်းထုခဲ့သည်။ ထို့အတူ ဦးချမ်းသာနှင့် ဆရာအေးတို့သည် ရွှေတန့်တစ်တံကဲတွင် ဝိဓူရဇာတ်တော်လာ ဇာတ်ဝင်ခန်း ၁၃ ခန်းကို ထုလုပ်ခဲ့ကြသည်။

ပြည်လုံးချမ်းသာ တံကဲတော်ကြီးတွင် ဇာတ်ဝင်ခန်း ၁၅ ခန်းကို ထွင်းထုထားရာ တာဝတိံသာနတ်ပြည်တွင် တရားဟောကြားနေသည့် ဘုရားရှင်သည် လူ့ပြည်သို့ မည်သည့်ရက်တွင် ပြန်လည်ဆင်းကြွလာမည်ကို လူပရိသတ်များက ရှင်မောဂ္ဂလန် မထေရ်အား မေးမြန်းနေပုံကို တံကဲတော်၏ထိပ်ပိုင်း ဝဲယာနှစ်ဖက်တွင် ထွင်းထု ထားသည်။ ပြည်လုံးချမ်းသာရုပ်ပွားတော်၏ လက်ယာဘက်ခြမ်းတွင် ဇာတ်ကွက် ငါးကွက်နှင့် လက်ဝဲဘက်ခြမ်းတွင် ဇာတ်ကွက် ကိုးကွက်တို့ကို ထုလုပ်ထားသဖြင့် ဇာတ်ကွက်ပေါင်း ၁၅ ကွက်ကို မြင်တွေ့ ကြရပေသည်။

တံကဲတော်ကြီး၏ လက်ယာဘက်ခြမ်း၌ အဇာတသတ်မင်းသားက ခမည်းတော် ဗိမ္မိသာရမင်းကြီးအား နန်းချစဉ် ဝေဒေဟီမိဖုရားကြီး ငိုကြွေးနေပုံ၊ သိဒ္ဓတ္ထမင်းသား တောထွက်သွားသဖြင့် သားတော် ရာဟုလာကို ပွေ့ဖက်လျက် ယသော်ဓရာမင်းသမီး ငိုကြွေးနေပုံ၊ သိဒ္ဓတ္ထမင်းသား ဆံတော်ပယ်၍ ဃဋိကာရဗြဟ္မာက ကြာသင်္ကန်းကပ်လှူပုံ၊ ဒေဝဒတ်က အဇာတသတ်မင်းသားအား ဖခင်ကိုသတ်ရန် အကြံပေးနေပုံ၊ ဝေဒေဟီမိဖုရားကြီး ငိုကြွေးနေပုံ၊ ဖခင်ကြီးအား မသတ်ရန် ဝေဒေဟီမိဖုရားကြီးက သားတော် အဇာတသတ်အား တောင်းပန်နေပုံနှင့် ဗိမ္မိသာရမင်းကြီး၏ခြေဖဝါးကို ခွဲနေပုံများကို မြင်ကြရပေသည်။

ပြည်လုံးချမ်းသာတံကဲတော်ကို ကျောင်းကုန်း နယ်သူနယ်သားများက စုပေါင်း လှူဒါန်းခဲ့ကာ တံကဲတော်ကိုထုလုပ်ခဲ့သည့် ခုနှစ်သက္ကရာဇ်ကို ရေးသားထားသည်ဟု ယူဆရသည့် ပေရွက်လွှာပုံ သစ်ပြားငယ်တစ်ခုစီကို တံကဲတော်၏တစ်ဖက်စီတွင် တွေ့ရသော်လည်း တံကဲတော်ကို ဆေးများသုတ်ကာ မွမ်းမံခဲ့သဖြင့် စာသားများကို မမြင်တွေ့ရတော့ပေ။

လွန်ခဲ့သော နှစ်၁၀ဝ ကျော်က လက်ရာမြောက်စွာထုလုပ်ခဲ့သည့် သစ်သား တံကဲတော်များကို နှစ်ကာလရှည်ကြာစွာ တည်တံ့စေရန် အမိုးအကာအောက်တွင် ထားရှိ ကြကာ ရာသီဥတုဒဏ်၊ အင်းဆက်ပိုးမွှားများဒဏ်နှင့် မီးလောင်ခြင်း အပါအဝင် သဘာဝဘေးဒဏ်များမှ လွတ်ကင်းရန်လည်း ထိန်းသိမ်းစောင့်ရှောက်ထားကြရပေသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်က ပြည်လုံးချမ်းသာဘုရားကြီး ဘက်စုံတည်ဆောက် မွမ်းမံမှုများ ဆောင်ရွက်ခဲ့စဉ် တိုက်အုပ်ဆရာတော် ဦးဣန္ဒြယနှင့် ဂေါပကအဖွဲ့ဝင်များသည် တံကဲတော်ကြီးကို မထိခိုက်စေရန် အထူးစောင့်ရှောက် ကာကွယ်ခဲ့ကြသည်။

ကျောင်းကုန်းနယ်သူနယ်သားများ အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် တံကဲတော်ကြီးသည် အနုပညာလက်ရာမြောက်လှသဖြင့် ရန်ကုန်မြို့မှ မိုင် ၇၀ ကွာဝေးပြီး ရန်ကုန်-ပုသိမ် ကားလမ်းပေါ်တွင် တည်ရှိသည့် ကျောင်းကုန်းမြို့သို့ အလွယ်တကူ သွားရောက်ကြည့်ရှုနိုင်ကြသည်။ ထို့အတူ ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေများသို့ သွားကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများသည်လည်း ကျောင်းကုန်း မြို့သို့ဝင်ရောက်ကာ သက်တမ်း ၁၁၃ နှစ်ရှိပြီဖြစ်သည့် ရှေးဟောင်းတံကဲတော်ကြီးကို ဝင်ရောက်လေ့လာ နိုင်ကြပေသည်။

မြန်မာ့အလင်း