ကျောင်းကုန်း ၂၂ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ထိပ်သို့ ယနေ့နံနက် ၈ နာရီက ရောက်ရှိကာ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်ကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးရေးဂိတ်အား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြားမှုအပေါ် ဝန်ကြီးချုပ်က အားပေးစကားပြောကြားကာ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်ငါးသိန်းအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် မြို့နယ်တိုင်းတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့်နေရာ၌ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ ပြည့်ဝစွာ ထောက်ပံ့ပေးအပ်ထားရှိကာ ယခုအခါတွင်လည်း မြို့နယ် (၂၆)မြို့နယ်အား တစ်မြို့နယ်လျှင် ငွေကျပ် ၅ သိန်းစီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)