ကျောင်းကုန်း ၂၄ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပြည်သူလူထုနဲ့ တစ်လလျှင် နှစ်ကြိမ်တွေ့ဆုံပေးဖို့ ညွှန်ကြားထားကြောင်း၊ ဌာနများအနေနဲ့ လိုက်ပါ၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းထားသည့် မြို့နယ်ဖွံ့ဖြိုးစေရေး မေးခွန်းများကို ပြောကြားခဲ့သည်။
ထို့နောက် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက ၂၀၁၈-၂၀၁၉ စီမံကိန်းဘတ်ဂျက် အခြေအနေများ ဆွေးနွေးခဲ့ပြီး မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က ပြည်သူ့ဆေးရုံတွင် အမှန်လိုအပ်သော ဆေးဝါးကိစ္စများ တင်ပြမည်ဆိုပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် အခြေအနေများကို တင်ပြခဲ့ကြပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


