ကျောင်းကုန်း ၈ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ မျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆန်စပါးအရည်အသွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရူံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက မျိုးသန်းစပါးထုတ်လုပ်နိုင်ရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထင်ကျော်ဦးက ကျောင်းကုန်းမြို့တွင် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မျိုးသန့်စပါးထုတ်လုပ်သူ တောင်သူပေါင်း ၅၀ နှင့် စိုက်ဧကပေါင်း(၃၁၃)ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ရေတော်မိုးတော်ဧက (၉၀ဝ၀ဝ)ကျော်တွင် စပါးမျိုးကောင်းမျိုးသန့် အသုံးပြုနိုင်မှု(၅၅) ရာခိုင်နှုန်း ရှိနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဂွတ်ဘရားသားကုမ္ပဏီမှ လက်ထောက်မန်နေဂျာ ဦးထွန်းထွန်းက လယ်သမားများနှင့် အကျိုးတူ လယ်ယာကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်ပေးနေကြောင်း၊ လယ်ယာဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးကြောင်း ရှင်းလင်းပြောကြားပြီး၊ ‌မုန်သုန်ကျေးလက်ဖွံ့ဖြိုးရေးစင်တာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ဆန်လုံးအပုမျိုးများဖြစ်တဲ့ ဆင်းသုခလိုမျိုးကိုပြည်ပနိုင်ငံများက မနှစ်သက်ကြဘဲ ဆန်လုံးအရှည်မျိုးကိုပဲ ကြိုက်နှစ်သက်ကြကြောင်း၊ ထုတ်လုပ်မှုပိုင်းရော အရည်အသွေးပိုင်းပါ လိုအပ်မှုများရှိနေသေးကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ဝင်းကြိုင်(ပြန်/ဆက်)