ကျောင်းကုန်း မေ ၆

 

၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မြတ်ဗုဒ္ဓ၏ သာသနာ တော်(၃)ရပ်အနက် ပရိယတ္တိသာသနာထွန်းကားပြန့်ပွားရေးအတွက် အစိုးရ ပါဠိပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယ စာမေးပွဲများ ကျင်းပပြုလုပ်ပေးလျှက်ရှိရာကျောင်းကုန်းမြို့နယ် တွင် ယခုနှစ်ဆိုလျှင် (၂၃)ကြိမ်မြောက် ကျင်းပဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်တော်မူကြသော ပထမငယ်တန်း၌(၁)ပါး၊ အခြေပြုမူလတန်း ၌(၁၄)ပါး၊စုစုပေါင်း(၁၅)ပါးတွင် သာမဏေ  (၄)ပါး၊ သီလရှင် (၁)ပါးနှင့် လူပုဂ္ဂိုလ်(၁၀) ဦးတို့အား ဂုဏ်ပြုဆုတော်ငွေကျပ်(၃)သိန်းကျော်လှူဒါန်းခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌနှင့် ဆရာတော်ကြီးများ၊ စာအောင်သာမဏေများ၊ သီလရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြို့ နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)