ကျောင်းကုန်း ၂၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ အထူးရဲသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းရွှေ က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ရာမှာ အင်အားမလုံလောက်တဲ့အတွက် ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေပုဒ်မ ၂၇/၂၈ တို့အရ အထူးရဲများ ခန့်အပ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့နယ်အနေဖြင့် မဲရုံပေါင်း(၁၂၅)ရုံ ရှိတဲ့အတွက် အထူးရဲ(၁၂၅)ယောက် ခန့်ထားပြီး သင်တန်းပို့ချပေးခြင်း ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့ အ.ထ.က(၁)တွင် (၅၄)ဦး၊ ဥယျာဉ်ကြီး ဘုန်းကြီးကျောင်းတွင် (၄၁)ဦးနှင့် ဒေါင့်ကြီး အ.ထ.ကတွင် (၃၀)ဦး၊ စုစုပေါင်း (၁၂၅)ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ယနေ့အထိ ရွေးကောက်ပွဲဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဘာသာရပ်များ သင်ကြားပို့ချပေးကြောင်း၊ ရက်ပေါင်း (၄၆) ရက်အတွက် ခန့်ထားခြင်း ဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချတဲ့ သင်ခန်းစာများကို သေချာစွာ လေ့လာလိုက်နာသွားကြမည်ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်ကြရတဲ့ တာဝန်ဝတ္တရားများကို သိရှိကြပြီး၊ ဒီတာဝန်ပြီးဆုံးလို့ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိ သွားတဲ့အခါ ပြည်သူတွေအပေါ်မှာ ပြုကျင့်ရမယ့် ကျင့်ဝတ်တွေ၊ ဆောင်ရန်/ရှောင်ရန် အချက်တွေကို လိုက်နာကာ မိမိရပ်ရွာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သင်တန်းဆင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


