ကျောင်းကုန်း၊ ၁၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေမှ ကလေးသူငယ်များဆိုင်ရာ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦးက ကလေးသူငယ်များနှင့်ပတ်သက်၍ အခွင့်အရေးများအား ရှင်းလင်းပြောကြားပြီး၊ ဒုတိယ မြို့နယ်ဥပဒေအရာရှိဦးဦးသိန်းစိုးက အရေးယူခြင်းနှင့် ကင်းလွတ်ခွင့်၊ ပြစ်မှုနှင့်ပြစ်ဒဏ်တို့ ရှင်းလင်းပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းက နိဂုံးချုပ်အနေဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည့် ကျား/မ ဆင်းရဲချမ်းသာ၊ ကိုယ်လက်အင်္ဂါ ပြည့်စုံ ခြင်း/မပြည့်စုံခြင်း၊ ကိုးကွယ်သည့်ဘာသာ၊မိဘအသိုင်းအဝိုင်းများကြောင့် ခွဲခြားဆက်ဆံခြင်း၊ ကလေးများကို ပြုစုစောင့်ရှောက်သူများက လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်း၊ ပညာသင်ခွင့်မရှိခြင်း၊ကလေးများကို စစ်ပွဲများတွင် အသုံးချခြင်း လိင်ပိုင်းဆိုင်ရာအသုံးချခြင်း စသည်တို့မဖြစ်ရအောင် ကာကွယ်ကြရမည်ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။
ဝင်းကြိုင်(ပြန်/ဆက်)


