ကျောင်းကုန်း၊ ၂၆ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဆိပ်ဖူးနီအုပ်စု၊ ဆိပ်ဖူးနီလေးကျေးရွာအနီးတွင် မေ ၂၅ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားရာ လူနှစ်ဦး သေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှည်းဆိပ်ရဲကင်းမှူး ဒုရဲအုပ်သက်အောင်သည် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကြံခင်းမြို့ဘက်မှ ပုသိမ်မြို့ဘက်သို့ ယာဉ်မောင်း ကောင်းဟိန်းဇော် (၃၁)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် သန့်ဇော်နှင့်အတူ ခရီးသည် (၈)ဦး လိုက်ပါလာသည့် 7J/---- "အောင်ကောင်းမာန်" ခရီးသည်တင်မှန်လုံယာဉ်သည် ပုသိမ်မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် ၂/၆ နှင့် ၂/၇ ကြား၊ ဆိပ်ဖူးနီလေးကျေးရွာအနီး ယာဉ်၏ဝဲဘက် ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ဆွဲချသွားစဉ် မျက်နှာချင်းဆိုင်မှ ဇော်လေး (၁၆)နှစ် မောင်းနှင်ပြီး နောက်တွင် မမိုးမိုးစံ (၃၄)နှစ်၊ အယ်နှောင်း (၆)နှစ်တို့ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဇော်လေးနှင့် မိုးမိုးစံတို့နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေဆုံး ဒဏ်ရာရစေသူ မှန်လုံယာဉ်မောင်းအား ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)