ကျောင်းကုန်း ၂၉ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ ကွင်းအမှတ် ၃၈၄ B တောင်သူ ဒေါ်ချို၏လယ်မြေ (၅)ဧကတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ပင်များအား မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထယ်ထိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်း လုပ်ငန်းများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အချို့တွင် လုပ်ပေးနိုင်မှု နည်းပါးသော်လည်းနောင်နှစ်များတွင် မျိုးထားကာ လယ်ကန်သင်း ဘေးတွင် ဘိုကိတ်ပဲကဲ့သို့ ကြဲပက်စိုက်ပျိုးပါက ယမန်နှစ် စမ်းသပ်ချက်အရ ၄ ဧကခွဲကို ၁၇ တင်း ထွက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့် ကပြောသည်။
ကျောင်းကုန်းမြို့နယ် အတွင်း၌ ယခုနှစ်မိုးရာသီတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)စိုက်ဧက(၂၀ဝ) စိုက်ပျိုးပြီး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားကြောင်း၊ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) အပင်များအား မေလအတွင်း ကြဲပက်စိုက်ပျိုး၍(၄၅) ရက်သားအရွယ်တွင် လယ်မြေ အတွင်းသို့ ထွန်ယက်ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ တိုးတက် ကောင်းမွန်လာကာ ဓာတုမြေဩဇာများ သုံးစွဲမှုအား လျှော့ချပေးနိုင်သဖြင့် သဘာဝပတ်ဝန်းကျင် ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဟု မြို့နယ်ဦးစီးမှူး ဦးထင်ကျော်ဦးက ပြောသည်။
အဆိုပါ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) အပင်များ လယ်မြေအတွင်းသို့ ထယ်ထိုးထည့်သွင်း ခြင်း ကွင်းသရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဒုတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုး ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဦးစီးမှူး ဦးထင်ကျော်ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


