ကျောင်းကုန်း ၁  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူးရဲသင်တန်းကို ကျောင်းကုန်းမြို့၊အ.ထ.က(၁)ခန်းမ၌ ယနေ့နံနက်၈း၃၀ နာရီအချိန် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းရွှေ က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလုံခြုံရေးဆောင်ရွက်ရာမှာ အင်အားမလုံလောက်တဲ့အတွက် ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေပုဒ်မ ၂၇/၂၈ တို့အရအထူးရဲများ ခန့်အပ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပုသိမ်ခရိုင် တစ်ခရိုင်လုံးမှာ မဲရုံပေါင်း(၁၂၇၁)ရှိတဲ့အတွက် အထူးရဲ(၁၂၇၁)ယောက် ခန့်အပ်ပြီးဖြစ်ပါတယ်။ ကျောင်းကုန်းမြို့နယ်အနေဖြင့်မဲရုံပေါင်း(၁၂၅)ရုံ ရှိတဲ့အတွက် အထူးရဲ(၁၂၅)ယောက် ခန့်ထားပြီးဖြစ်ပါတယ်။ ခန့်ထားပြီးဖြစ်တဲ့အထူးရဲတပ်ဖွဲ့ဝင်များကို (၃)နေရာခွဲကာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကျောင်းကုန်းမြို့ အ.ထ.က(၁)တွင်(၅၄)ဦး၊ ဥယျာဉ်ကြီးဘုန်းကြီးကျောင်းတွင်(၄၀)ဦးနှင့်ဒေါင့်ကြီး အ.ထ.က တွင်(၃၀)ဦး၊ စုစုပေါင်း(၁၂၅)ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရွေးကောက်ပွဲဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ ရက်ပေါင်း(၄၆)ရက်အတွက် ခန့်ထားခြင်း ဖြစ်ပါတယ်။ အထူးရဲများအနေဖြင့် ယခု သင်တန်းက သင်ကြားပို့ချတဲ့ သင်ခန်းစာများကို သေချာစွာ လေ့လာလိုက်နာသွားကြမယ်ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်ကြရတဲ့ တာဝန်ဝတ္တရားများကို သိရှိကြပြီး၊ ဒီတာဝန်ပြီးဆုံးလို့ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသွားတဲ့အခါ ပြည်သူတွေအပေါ်မှာ ပြုကျင့်ရမယ့် ကျင့်ဝတ်တွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေကို လိုက်နာကာ မိမိရပ်ရွာ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်ဟု မိန့်ခွန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်း နှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးနိုင်တို့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းနှင့်အညီ သင်ကြားနိုင်စေရေး၊ သင်တန်းနားချိန်တွင် လက်ဆေးကြဖို့၊သင်တန်းအောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပြီး၊ နှာခေါင်းစည်း(၁၀၀)၊ လက်သန့်ဆေးရည်(၂)ဘူး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)