ကျောင်းကုန်း ၁၂ စက်တင်ဘာ 


မိမိရပ်ရွာဒေသတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍  ကျွမ်းကျင်စွာကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ပုသိမ်ခရိုင် ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


“ သင်တန်းမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ၊ အကြောင်းအရာတွေ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားနဲ့ ဆန်းစစ်ချက်တွေ၊ စာရင်းကောက်ယူရေးကိစ္စတွေနဲ့ သဘာဝဘေး သတင်းအချက်အလက်မှန်တွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့၊ ဆောင်ရွက်တတ်ဖို့တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။ သဘာဝဘေးကျရောက်ပါက စနစ်တကျ တုံ့ပြန်တတ်ဖို့၊ ဖြစ်ပွားပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်တတ်ဖို့နဲ့ နောက်ဆုံး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာလည်း သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတတ်ဖို့၊ အသိရှိဖို့ ဝိုင်းပြီးအကြံပေးနိုင်ဖို့ကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်" ဟု ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး(၂) က ပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ သဘာဝဘေးကျရောက်မှု မကြာခဏဖြစ်ပွားသော လှည်းဆိပ်၊ ထန်းတပင်၊ သဲကုန်း၊ ရင်ဆိုင်၊ ရေတာကြီး၊ လှေကွဲလဟာ၊ ရေဂလုပ်၊ အိုးဘို၊ သစ်ဆိမ့်ကုန်း၊ တံခွန်တိုင်ကျေးရွာတို့မှ သင်တန်းသား၊သင်တန်းသူ ၃၀ တို့ တက်ရောက်သင်ကြားပြီး၊ သင်တန်းကာလမှာ စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


ဝင်းကြိုင် (ပြန်/ဆက်)