နေပြည်တော် ၁၈ ဇွန်

 

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လတ်တလောကာလတွင် မိမိတို့နိုင်ငံ၌ ပြည်ပမှ ပြန်လည်ဝင်ရောက်သူများ များပြားနေသော ကာလဖြစ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည့် ကာလနှင့် တိုက်ဆိုင်နေပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ ရပ်ကွက်၊ ကျေးရွာ၊ နေရာစုံမှ ကျောင်းသား/ သူများသည်  နေရာတစ်ခုတည်းတွင် စုစည်းရောက်ရှိလာမည်ဖြစ်သဖြင့် ရောဂါကူးစက်ပြန့်ပွားမှု များမရှိစေရေး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊ နေအိမ်မှ ကျောင်းသို့ ရောဂါကူးစက်ခြင်းရှိ နိုင်သကဲ့သို့ ကျောင်းတွင် ရောဂါကူးစက်ကာ နေအိမ်ရှိ မိသားစုများထံသို့ ထပ်ဆင့်ကူးစက်ခြင်းလည်း ရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို သေချာစွာ စနစ်တကျ လုပ်ဆောင်ထားရမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့်ဆန်းစစ်ခြင်းအား ဆန်းစစ်ခြင်း စာရင်းပုံစံများ အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

ထိုသို့ဆောင်ရွက်ရာတွင် မည်သူက မည်သည့်လုပ်ငန်းဆောင်ရွက်ရမည်၊ မည်သို့ သတင်းပေးပို့ရမည် စသည့်အချက်များအား လုပ်ငန်းအမျိုးအစားအလိုက် ဆန်းစစ်ခြင်းစာရင်းပုံစံများဖြင့် ဆန်းစစ်ရန် လိုအပ်ပြီးပါဝင်ရမည့် အချက်များကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲပြုစုနေသည်မှာ ကောင်းမွန်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပညာရေးနှင့် ကျန်းမာရေး တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘ ဆရာအသင်းဝင်များ ဆောင်ရွက်ရမည့် တာဝန်ခွဲဝေသတ်မှတ်မှုသည် အရေးကြီးပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ပထမလသည် အရေးအကြီးဆုံးဖြစ်ပြီး စနစ်တကျ အားထုတ်ဆောင်ရွက်သွားပါက နောက်လများတွင် လုပ်ဆောင်မှုများ အသားကျကာ ပိုမို အဆင်ပြေလာမည်ဖြစ်ပါ ကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘဆရာအသင်းဝင်များ၊ မြို့နယ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၏ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပညာ၊ ကျန်းမာရေး စာတတ်မြောက်မှု မြှင့်တင်ရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အတန်းခေါင်းဆောင်ကဖြစ်စေ၊ ကျောင်းသား/သူတစ်ဦးကဖြစ်စေ အခြား အတန်းတူ ကျောင်းသား/သူများအား အတန်းတွင်းပညာပေး ဟောပြောခြင်း ဆောင်ရွက်ပါက ပိုမိုထိရောက်ရုံသာမက ကျောင်းသား/သူများအနေဖြင့် ကိုဗစ်-၁၉ မကူးစက်စေရေးကိစ္စသည် မိမိတို့တွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်ဓာတ်များ ရရှိသွားမည်ဖြစ်ပါကြောင်း။

 

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ အပါအဝင် အခြားသော အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများကြွယ်ဝလာမည်ဖြစ်ကာ ရေရှည်တွင် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ အသီးသီးတို့အတွက် နေအိမ်မှ ကျောင်းသို့လာချိန်၊ ကျောင်းစာသင်ခန်းသို့ သွားချိန်၊ စာသင်ကြားချိန်၊ မုန့်စားနားနေချိန်နှင့် ကျောင်းဆင်းချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို ကျောင်းများပြန်လည် မဖွင့်လှစ်မီ ရေးဆွဲပြီးဖြစ်သည့်အတွက် ကနဦး ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်း (pilot testing)  ပြုလုပ်ပြီး လိုအပ်သလို ပြုပြင်ကာ အပြီးသတ်ရေးဆွဲ အတည်ပြုသွားမည်ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များကို အခြေခံထားကာ မိမိတို့နိုင်ငံနှင့် ကိုက်ညီဆီလျော်စွာ မွမ်းမံ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ကြိုတင်ရေးဆွဲချမှတ်ထားပြီး တာဝန်ရှိသူများ အားလုံးက သိရှိထားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ စာသင်ကျောင်းအလိုက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် မိဘဆရာအသင်းဝင်များသည် မြို့နယ် ပညာရေးနှင့် ကျန်းမာရေးတာဝန်ရှိသူများ လစဉ် တွေ့ဆုံညှိနှိုင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စေရန် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး စည်းကမ်းများနှင့် လမ်းညွှန်ချက်များ သတ်မှတ်ဆောင်ရွက်ခြင်းသည် ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ကို သိရှိစေရန် အသိပေးရှင်းလင်းပြောကြားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ညှိနှိုင်းပူပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကာလဖြစ်စဉ်တွင် ကျန်းမာရေးရှုထောင့်၊ ပညာရေးရှုထောင့်၊ လူမှုစီးပွားရေးရှုထောင့် စသည်ဖြင့် ရှုထောင့်စုံမှ လေ့လာဆန်းစစ်ကာ နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် အသင့်တော်ဆုံးကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအပါအဝင် နိုင်ငံတကာမှ ပညာရေးကဏ္ဍတာဝန်ရှိသူများနှင့် Video Conferencing စနစ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လုပ်ငန်းလမ်းညွှန်းများ၊ စည်းကမ်းချက်များကို ပြုစုရေးဆွဲထားရှိပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီ ဖွင့်လှစ်နိုင်ရန် အချက်များ ကိုက်ညီမှု ရှိ၊မရှိ ဆန်းစစ်ခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် မဖြစ်မနေလိုက်နာရမည့် အချက်များကို လိုက်နာဆောင်ရွက်မှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စာသင်ချိန်များကိုလည်း ကျောင်းသား/သူ အရေအတွက်အနည်းအများအလိုက် ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြား၍ ကျောင်းချိန်နှစ်သုတ် စသည်ဖြင့် အချိန်များခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဇူလိုင်လအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် - (က) ကျောင်းသား/သူများနှင့် ဆရာ/မများ၊ ဝန်ထမ်းများ သင်ယူမှု မဆုံးရှုံးစေရေး အလေးထား ကာကွယ်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းရန်တို့အတွက် စီမံဖြေရှင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်၊ (ခ) ကျောင်းသား၊ ဆရာ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ ကွာခြား၍ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက လုံခြုံဘေးကင်းရေး၊  ကျောင်းထွက်မှု အနည်းဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည်ကောင်းမွန် လာရေးတို့ကို စဉ်ဆက်မပြတ် အဆင့်ဆင့် စီမံကြီးကြပ် ဆောင်ရွက်သွားရန်၊ (ဂ) ပညာရေးစနစ် ယခင်ထက် အားကောင်းလာ၍ ပိုမိုမျှတစွာ ကောင်းမွန်လာရေး ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို အရှိန်အဟုန်မြှင့်တင်၍ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်ရန်တို့အား ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက မိဘ၊ ဆရာနှင့် ကျောင်းသားများ လိုက်နာရမည့် အချက်များအား ရေးဆွဲပြုစုထားရှိမှုကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ပတ်ဝန်းကျင်သန့်ရှင်းရေး) ဦးဌေးဝင်းက ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်း လမ်းညွှန်အား ရေးဆွဲပြုစုထားရှိမှုကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး) ဒေါက်တာ ခိုင်ခိုင်စိုးက ပိုးသတ်သန့်စင်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား ရေးဆွဲပြုစုထားရှိမှုကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သင်ကြား) ဒေါ်ချိုချိုဝင်းက ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား ရေးဆွဲပြုစုထားရှိမှုကို လည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးကိုလေးဝင်းက ကိုဗစ်-၁၉ ကာလအတွင်း သင်ကြားသင်ယူမှု တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာ ဖြူဖြူအေးက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျောင်းများဖွင့်လှစ်ရာတွင် နိုင်ငံတကာ၌ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များအားလည်းကောင်း၊ နေပြည်တော် ခုတင် (၁,ဝ၀ဝ) ပြည်သူ့ဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး၊ ပါမောက္ခဒေါက်တာစန်းလွင်က ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း ကျောင်းနေအရွယ်ကလေးငယ်များတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မရှိစေရေးနှင့် ပုံမှန်ကာလများတွင်လည်း စာသင်ကြားရာ၌ စိတ်ကျန်းမာပျော်ရွှင်စွာဖြင့် သင်ကြားနိုင်ရေးအတွက် လည်းကောင်း  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးမှုများ၊ အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်