၂၂ သြဂုတ်


(ယမန်နေ့မှအဆက်)

 

(၆) စိတ်ကျန်းမာရေးပြဿနာ


- ဆယ်ကျော်သက်လူငယ်    ၁၀    ဦးလျှင်   တစ်ဦးမှာ    အမြဲတမ်း (သို့မဟုတ်) အချိန်တော်တော်များများ အထီးကျန်နေသည်ဟု ခံစားနေရပြီး ၎င်းတို့ထဲမှ ၁၀ ဦးလျှင် တစ်ဦးမှာ မိမိကိုယ်ကို သတ်သေ ရန် ကြိုးစားခဲ့ဖူးကြောင်း ဖြေဆိုခဲ့ကြပါသည်။ (GSHS-၂၀၁၆)

 

(၇) မျိုးဆက်ပွားကျန်းမာရေးပြဿနာ


- (2016) Myanmar Demographic Health Survey (MDHS)  အရ  အသက်  ၁၅ နှစ်မှ ၂၄ နှစ်အတွင်း  HIV နှင့်ပတ်သက်သော  မှန်ကန်သည့်  ပြီးပြည့်စုံသောဗဟုသုတရှိသူမှာ မိန်းကလေးများတွင်  ၁၆ ရာခိုင်နှုန်းနှင့် ယောကျာ်းလေးများတွင် ၁၈ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရပါသည်။ 

 

ကျောင်းသားလူငယ်များအတွက် နိုင်ငံတော်၏ ဦးဆောင်မှု

 

dsfe4

 

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနနှင့်  အခြားနှီးနွှယ်ဆက်စပ်သည့်ဌာနများ၊  အဖွဲ့အစည်းများပါဝင်၍  အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် “ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ”ကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နေပြည်တော်MICC-၂ ၌ ကျင်းပခဲ့ပါသည်။ နှစ်ရက်တာ ကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၇)ချက်၏ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးတင်ပြခဲ့ကြသည်။ ဗဟိုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊  ခရိုင်နှင့်  မြို့နယ်အဆင့်    ဆောင်ရွက်ရန်လိုအပ်သည့်ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ခဲ့ပါသည်။

 

ဖော်ထုတ်ထားသော လုပ်ငန်းစဉ်များကို ဗဟိုအဆင့်မှ စတင်နိုင်ရန်အတွက် “ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်  ဆောင်ရွက်ခြင်း    ဗဟိုအဆင့်ညှိနှိုင်းစည်းဝေးပွဲ”ကို  (၁၈-၈-၂၀၁၉)  ရက်နေ့တွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။  အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့်  ရှေ့ဆက်ရမည့်လုပ်ငန်းများအပေါ် မူတည်၍ နိုင်ငံ၏လက်တွေ့အခြေအနေ၊ အရင်းမြစ်များရရှိနိုင်မှုတို့နှင့် လိုက်လျောညီထွေစွာ အကောင်အထည်ဖော်နိုင်မည့် ယေဘုယျမူဘောင် (General  Framework) တစ်ခု  ဖော်ထုတ်ပြီး  ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဖြစ်ပါသည်။

 

ရင်သွေးငယ်တို့ အနာဂတ်ရှေ့ရေး ပူးပေါင်းပါဝင်ပေး မိဘများ၏  ရင်နှစ်သည်းချာ  သားသမီးရတနာများ၏  ရှေ့ရေးကိုဆောင်ရွက်သည့်  ကျောင်းအခြေပြုကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်တင်  ဆောင်ရွက်ရာ တွင် မိဘများ၏  ပူးပေါင်းပါဝင်မှုသည်အလွန်အရေးကြီးပါသည်။ ကျောင်းများသည် လူငယ်များ၏ ကိုယ်စိတ်ကျန်းမာရေး၊ လူမှုဘဝတွင် စနစ်တကျနေထိုင်တတ်ရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ချစ်မြတ်နိုးတတ်စေရေးတို့အတွက် လေ့ကျင့်သင်ကြားပေးသော ဌာနကြီးများ ဖြစ်ပါသည်။ ဆရာ ဆရာမများသည် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့်မိမိတို့၏ သားသမီးရင်းများသဖွယ်  ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း မိဘပြည်သူများအနေဖြင့် ကျောင်းများကို တန်ဖိုးထားကာ မိမိတို့တတ်နိုင်သည့်နေရာများမှ  တစ်တပ်တစ်အား  ပူးပေါင်းပါဝင်ကာ ဖြည့်ဆည်းပေးသင့်ပါသည်၊ ပံ့ပိုးပေးသင့်ပါသည်။  မည်သို့  ပံ့ပိုးသင့်ပါသနည်း။ ပစ္စည်းအင်အား၊  ငွေအင်အားတို့ဖြင့်  အမြဲတစေ  ပံ့ပိုးပေးရန်  မဆိုလိုပါ။ လုပ်အား၊ အချိန်တို့ကို ပံ့ပိုးခြင်းသည်လည်း အရာရောက်ပါသည်။

 

ကျောင်းအခြေပြု ကျန်းမာရေးလုပ်ငန်းများ      ဆောင်ရွက်မှုတွင်မိဘများပါဝင်သော မိဘဆရာအသင်းများ၊ ကျောင်းကျန်းမာရေးကော်မတီများ၏  စွမ်းဆောင်ရည်သည်  အဓိကဖြစ်ပါသည်။  မိဘဆရာအသင်းများ၊ ကျောင်းကျန်းမာရေးကော်မတီများ၏  စွမ်းဆောင်ရည်တိုးတက်လာသည်နှင့်အမျှ  ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအသိပညာ မြင့်မားလာမည် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်များကို လက်တွေ့ဆောင်ရွက်လာနိုင်မည်။ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာသော  မျိုးဆက်သစ်တစ်ခုကိုဝိုင်းဝန်းပျိုးထောင်သကဲ့သို့ ဖြစ်ပါသည်။ ရင်သွေးငယ်တို့ အနာဂတ်ရှေ့ရေးအတွက် ကျောင်းများကို အခြေပြုသည့် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများတွင် မိဘများနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

 


ကိုးကား-


၁။  World  Health  Organization,  School  and  Youth  Health, Global School Health Initiative (https://www.who.int/school_youth_health/gshi/en/)
၂။   ကျောင်းကျန်းမာရေးလက်စွဲ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(၂၀၁၈ ခုနှစ်) 
၃။   Global  Youth  Tobacco  Survey  (GYTS-2016),  World Health Organization
၄။   Global  School  Based  Student  Health  Survey  (GSHS-2016), World Health Organization
၅။   Myanmar  Demographic  and  Health  Survey  (Myanmar DHS-2016)

 

ဒေါက်တာမြင့်မြင့်သန်း(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာဖြူဖြူအေး(ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာ))