၂၅ ဇွန်
ကုန်းဘောင်ခေတ် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့သည့် ရတနာပုံမန္တလေးသည် များစွာသော ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိနေသည့် ရပ်ဝန်းတစ်ခုဖြစ်သည်နှင့်အညီ ရတနာပုံခေတ် သမိုင်းမှတ်တမ်း အထောက်အထားများစွာကို လေ့လာနိုင်သည့် ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်ပေသည်။ မန္တလေးမြို့တွင်ရှိနေသည့် သမိုင်းအမွေအနှစ်များအနက် ကုန်းဘောင်ခေတ် နှောင်းပိုင်းက တည်ဆောက်ခဲ့သည့် အုတ် သို့မဟုတ် သစ်သားဘုန်းတော်ကြီးကျောင်းများကို Hidden Treasure in Mandalay ဟု တင်စားခေါ်ဆိုခဲ့ကြသည်။
မန္တလေးမြို့သို့ ရောက်ရှိခိုက် မန္တလေးဧည့်လမ်းညွှန်များ အသင်းနာယက ဦးရဲမြတ်ထွန်း၊ MTVTH သင်တန်း ကျောင်းမှ ဒေါ်စန္ဒာအောင်နှင့် ဧည့်လမ်းညွှန်များက မန္တလေးမြို့ရှိ တိမ်မြုပ်နေသည့် ရတနာသိုက်များကို လိုက်လံပြသခဲ့ရာ မဟာမင်းထင် ရှေးဟောင်းသစ်သားကျောင်းကြီးလည်း ပါဝင်ခဲ့သည်။
ရှေးဟောင်း ဘုန်းကြီးကျောင်းများ
သမိုင်းစဉ်ဆက်တစ်လျှောက် မြန်မာနိုင်ငံနေရာဒေသအသီးသီး၌ အုတ် သို့မဟုတ် သစ်သား ဘုန်းကြီးကျောင်းများကို တည်ဆောက်ခဲ့ကြသည့်အနက် ဘုရင်နှင့် တော်ဝင်မိသားစုများ၊ သူဌေးသူကြွယ်များ တည်ဆောက်ခဲ့သည့် သစ်သားဘုန်း ကြီးကျောင်းနှင့် သာသနိကအဆောက်အအုံများသည် မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ စလေ၊ စလင်း၊ မြိုင် အစရှိသည့် မြို့နယ်များတွင် အများဆုံးကျန်ရှိနေသည်။ ယင်းတို့အနက် ကုန်းဘောင်ခေတ်နှောင်းလက်ရာ သစ်သားဘုန်းကြီးကျောင်းများဖြစ်သည့် ရွှေကျောင်းကြီး၊ ရွှေအင်ပင်ကျောင်း၊ ဓမ္မိကာ ရာမ ရွှေကျင်ကျောင်းတိုက်၊ သင်္ဂဇာကျောင်း၊ သာကဝန်ကျောင်း၊ မြတောင်ကျောင်း၊ မင်းထင်ကျောင်း စသည်တို့သည် မန္တလေးမြို့၌ တည်ရှိနေကြကာ ခရီးသွားများနှင့် စိတ်ပါဝင်စားသူများအကြားတွင် အထူး ထင်ရှားကြပေသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး စာအုပ်တွင် ဖော်ပြထားချက်များအရ ကုန်းဘောင်ခေတ်ဘုရင်များဖြစ်သည့် အလောင်းမင်းတရား ဦးအောင်ဇေယျ၊ နောင်တော်ကြီးမင်း၊ မြေဒူးမင်း၊ ဗဒုံမင်း၊ စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်း တို့သည် ဘုန်းတော်ကြီးကျောင်းများ တည်ဆောက်လှူဒါန်းခဲ့ကြသည်။ ရတနာပုံခေတ် မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်တွင် မန္တလေးမြို့၌ ဆောက်လုပ်ခဲ့သော ဘုန်းကြီးကျောင်း ၅၅ ကျောင်း ရှိခဲ့သည်။
မင်းတုန်းမင်းသည် မန္တလေးမြို့၏ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်နှင့် မြောက်ပြင်တို့တွင် ဘုန်းတော်ကြီးကျောင်းများကို နေရာချထားခဲ့သော်လည်း ယခုအချိန်တွင် ကျောင်းတိုက်အနည်းငယ်သာ ကျန်ရှိနေကာ ရွှေနန်းတော်ကျောင်းနှင့် ရွှေအင်ပင်ကျောင်းတို့ကို နိုင်ငံတော်က ထိန်းသိမ်းစောင့် ရှောက်ထားသည်။ မြန်မာ့ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအများစုကို မြန်မာ့ဗိသုကာဟန်စစ်စစ်ဖြင့်သာ တည်ဆောက်ခဲ့သော်လည်း သာကဝန်ကျောင်းနှင့် ယောအတွင်းဝန်ကျောင်းကဲ့သို့ အနောက်တိုင်းနှင့် မြန်မာဟန်ရောသည့် ကျောင်းများလည်း အနည်းငယ်ရှိခဲ့ပေသည်။
ရှေးမြန်မာဘုန်းကြီးကျောင်းများ
ရှေးအခါက မြန်မာဘုန်းတော်ကြီးကျောင်းများတွင် ယေဘုယျအားဖြင့် ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီး နှင့် ဘောဂဆောင်တို့ ထည့်သွင်း၍ တည်ဆောက်ခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံ၏ ရှေ့ဘက်ဆုံး(ခေါင်းရင်းဘက်)တွင်ရှိသည့် ပြာသာဒ်ဆောင်ကို ပြာသာဒ်ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့် တင်ထားလေ့ရှိရာတွင် ခုနစ်ဆင့်က အများဆုံးဖြစ်သည်။ ပြာသာဒ်ဆောင်၏ မျက်နှာသုံးဖက် (အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်)တွင် လှေကား တစ်ခုစီ တပ်ဆင်ထားပြီး ယင်းလှေကားများမှ ဘုရင်၊ မိဖုရား နှင့် ဆရာတော်များသာ အတက်အဆင်း ပြုကြရသည်။ ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတုတော် ထားရှိသည်။ ပြာသာဒ်ဆောင်နှင့် ဆောင်မကြီးတွင် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနေထိုင်၍ အာဂန္တုဧည့်သည် ရဟန်း သံဃာများကို ဧည့်ခံတွေ့ဆုံသည့် စနုဆောင်ဖြင့် ဆက်ထားသည်။
ဘုန်းတော်ကြီးကျောင်း၏ အဓိကအဆောင်ဖြစ်သည့် ဆောင်မကြီးကို နှစ်ထပ်လည်ပေါ် တည်ဆောက်ထားလျှင် ထားဝယ်ဆောင်ဟုလည်းကောင်း၊ သုံးထပ် သို့မဟုတ် လေးထပ်လည်ပေါ် တည်ဆောက်ထားလျှင် ဇေတဝန်ဆောင်ဟု လည်းကောင်း ခေါ်ဆိုသည်။ ဆောင်မကြီး၏ လည်ပေါ်ကို ငါးထပ်ဆောက်လေ့ မရှိချေ။ ဆောင်မကြီး၏ ဘေးပတ်လည်တွင် အပြင်သို့ ထုတ်ထားသောအမိုး(စမြင်) ရှိသည်။ ထို့ကြောင့် နှစ်ထပ် စမြင်ခံကျောင်း၊ သုံးထပ်စမြင်ခံကျောင်းဟု ခေါ်ဆိုမှုများရှိသည်။
ဆောင်မကြီးကို အလယ်မှ မာရဘင်(ကြမ်းပြင်မှ အမိုးအထိ ပိတ်ဆီးထားသော အကာအရံ)ဖြင့် ကန့်ထား၍ အရှေ့နှင့် အနောက်ပိုင်းခြားကာ အရှေ့မာရဘင်ဆောင်၊ အနောက် မာရဘင်ဆောင်ဟု ခေါ်ဆိုသည်။ မာရဘင်တွင် ဝင်ထွက်ရန် အပေါက်ဖောက်လုပ်ထားပြီး မာရဘင်ဆောင်များ၌ နေ့ဘက်တွင် လူပရိသတ်များကို ဧည့်ခံကာ ညပိုင်းတွင် ရဟန်းသံဃာများ ကျိန်းစက်သည်။ အချို့ဘုန်းကြီးကျောင်းများတွင် အရှေ့ မာရဘင်၌ ဥပုသ်စောင့် တရားနာသူများ နားခိုကြကာ အနောက်မာရဘင်ဆောင်၌ သက်ကြီးဝါကြီး ဆရာတော်များ သီတင်းသုံးသည်။
မာရဘင်၏ ရှေ့ခန်းတွင် တံကဲပါရှိသောပလ္လင်ကို ထားရှိပြီး နောက်ခန်းတွင် တံကဲမပါသော ပလ္လင်ကို ထားရှိလေ့ရှိသည်။ ဆောင်မကြီး၏ ဝဲယာနှစ်ဖက်တွင် ရဟန်းသံဃာများနှင့် အမျိုးသားများ တက်ဆင်းရန် လှေကားနှစ်ခုနှင့် အမျိုးသမီးများ တက်ဆင်းရန် လှေကားနှစ်ခု တပ်ဆင်သည်။ မြန်မာဘုန်းကြီးကျောင်းများတွင် ထုထည်ကြီးမား၍ လှပသော သရက်ကင်းပုံစံ အုတ်လှေကားများကို တပ်ဆင်လေ့ရှိကြသည်။
ဘောဂဆောင်သည် ဘုန်းကြီးကျောင်း၏ အနောက်ဘက်ဆုံးတွင်ရှိကာ ဆောင်မကြီး၏ ကြမ်းခင်းအောက်သို့ နှိမ့်ထားသည်။ ဘောဂဆောင်တွင် အခန်းသုံးခန်းပါရှိ၍ ဘေးဘက်တစ်ခန်းတွင် ပန်းကန်ခွက်ယောက်များထားကာ ကျန်ဘေးခန်းတွင် သစ်သီးဝလံများနှင့် စားသောက်ဖွယ်ရာများကို သိမ်း ဆည်းပြီး အလယ်ခန်း၌ ကိုရင်များ နေကြသည်။
အချို့ဘုန်းကြီးကျောင်းများတွင် ယင်းအဆောင် လေးဆောင်အပြင် ကျောင်းတွင်တိုးလာသည့်သံဃာများ နေထိုင်ရန် ခုံးဆောင်တစ်ခုကို ဆောင်မကြီးရှေ့၌ဖြစ်စေ၊ ဆောင်မကြီးနှင့် ဘောဂဆောင်ကြား၌ဖြစ်စေ၊ ဆောင်မကြီးနှင့် စနုဆောင်ကြား၌ဖြစ်စေ သင့်လျော်သည့်နေရာတစ်ခုခု၌ ဆောက်လုပ်ကြသည်။ သို့သော် ခုံးဆောင်သည် မြေစိုက်အဆောင် မဟုတ်ချေ။ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးပိုင်း ဘုန်း ကြီးကျောင်းအချို့တွင် ဆောင်မကြီးနှင့် ဘောဂဆောင်ကြား၌ ဘောဂစနုဆောင်အမည်ဖြင့် အဆောင်ကူးတစ်ခုကို တည်ဆောက်ခဲ့ကြရာ ယင်းပုံစံကို ရွှေအင်ပင် ဘုန်းတော်ကြီး ကျောင်းတွင် မြင်တွေ့နိုင်ကြသည်။
ကျောင်းမှာ မင်းထင်၊ သိမ်မှာ မိုးတား၊ ဘုရားမှာ အာနန္ဒာ
မန္တလေးမြို့၌တည်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအနက် ရတနာပုံခေတ်က ခမ်းနားကြီးကျယ်စွာ တည် ဆောက်ခဲ့သည့် ဘုန်းကြီးကျောင်း၊ သိမ်နှင့် ဘုရားတို့ကို ကျောင်းမှာ မင်းထင်၊ သိမ်မှာ မိုးတား၊ ဘုရားမှာ အာနန္ဒာဟု ဆိုခဲ့ကြသည်။ မင်းထင်သည် မဟာမင်းထင် ဘုန်းတော်ကြီးကျောင်း၊ မိုးတားသည် မိုးတားကျောင်းတိုက်သိမ်၊ အာနန္ဒာသည် မဟာမုနိရုပ်ရှင်တော်မြတ်ဝင်း တောင်ဘက်ရှိ သိမ်နီကြီး ခေါ် အာနန္ဒာစေတီတော် ဖြစ်သည်။
မဟာမင်းထင်ကျောင်းသည် မန္တလေးမဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်အတွင်း မဟာမုနိဘုရားကြီး၏ အရှေ့မြောက်ဘက် ပညာပျိုးခင်းလမ်းတွင် တည်ရှိသည့် ရတနာပုံခေတ်လက်ရာ ရှေးဟောင်း သစ်သားဘုန်းတော်ကြီး ကျောင်းကြီးဖြစ်သည်။
မိုးတားသိမ်သည် မဟာမင်းထင်ကျောင်းတိုက်၏ မြောက်ဘက်နှင့် ဓမ္မိကာရာမတိုက်၏ အရှေ့ဘက်၌ တည်ရှိသည့် မိုးတားတိုက်ဝင်းအတွင်း အရှေ့တောင်ထောင့်၌ရှိသော သိမ်ဖြစ်သည်။ မိုးတားကျောင်းတိုက်ကို မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်က ကျီဝန် မိုးတားဝန်ထောက်က ဆောက်လုပ်ကာ သုဇာတာဘိ သီရိဓဇ မဟာဓမ္မရာဇဂုရု ဆရာတော်အား လှူခဲ့သည်။ မိုးတားသိမ်သည် ဘုံခုနစ်ဆင့် အဆောက်အအုံဖြစ်ကာ သိမ်ပြာသာဒ်ကြီးကို အဝေးမှမြင်ကြရသည်။ မိုးတားအလယ်တိုက်သည် မီးလောင်ကျွမ်း ပျက်စီးခဲ့သော်လည်း မြန်မာမှု ပန်ုးပုလက်ရာများဖြင့် ခံ့ညားထည်ဝါလှသည့် မိုးတားသိမ်ပြာသာဒ်မှာ ယခုတိုင် ကျန်ရှိနေပေသည်။
မန္တလေးအာနန္ဒာစေတီသည် မဟာမုနိရုပ်ရှင်တော်၏ အရှေ့ဘက်စောင်းတန်းအလယ်မှ တောင်ဘက်တည့်တည့်၌ တည်ရှိသည်။ ယင်းစေတီသည် ပုဂံအာနန္ဒာဘုရားနှင့် တည်ဆောက်ပုံ ဆင်တူနေသဖြင့် အာနန္ဒာဘုရားဟု ထင်ရှား၍ စေတီအတွင်းပိုင်း၌ ပုဂံအာနန္ဒာစေတီကဲ့သို့ပင် ဉာဏ်တော် ၁၈ တောင်မြင့်သည့် ရပ်တော်မူ ရုပ်ပွားတော်လေးဆူ ထားရှိသည်။
အာနန္ဒာစေတီကို သိမ်သမုတ်ကာ တည်ထားခဲ့ပြီး အပြင်ဘက် အုတ်ရိုးနီကို အစွဲပြုလျက် ရှေးအခါက သိမ်နီကြီးဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ဗဒုံမင်းလက်ထက်က ယင်းတော်မြို့စား ယင်းတော်မိဖုရားက အာနန္ဒာစေတီကို စတင်ကိုးကွယ်ခဲ့ကာ ပုဂံမင်း၏နန်းမတော်သူ ဖြူးမြို့စားက ပြုပြင်ကိုးကွယ်ခဲ့သည်။ မ္တလေးတောင် ဖွံ့ ဖြိုးရေးကို ဆောင်ရွက်ခဲ့သည့် ရသေ့ကြီး ဦးခ္တီကလည်း မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်တွင် အာနန္ဒာစေတီကို ပြုပြင်မွမ်းမံခဲ့သည်။
မဟာမင်းထင်
မဟာမင်းထင် မူလကျောင်းတော်ကြီးကို အင်းဝမြို့ ဟောင်း၌ တည်ဆောက်ခဲ့ပြီး ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ ခုနှစ်တွင် မူလကျောင်းဒကာ၏သား ဇနက်ပလာ ဆင်ဝန် မဟာမင်းလှမင်းကျော် ပြာရှပ်ဦးမင်းထင်က အမရပူရမှ လက်ရှိနေရာသို့ ရွှေ့ပြောင်းဆောက်လုပ်ခဲ့ရာ မဟာမင်းထင်ကျောင်းဟု ထင်ရှားခဲ့သည်။ ဆရာကြီး နတ်မောက်ထွန်းရှိန်က ကျောင်းအလှူရှင် ဆင်ဝန်ဦးမင်းထင်သည် တောင်သာ၊ ညောင်အုပ်နှစ်မြို့စား၊ ဝန်မင်း မဟာမင်းလှသီရိသင်္ခယာ ဦးဗိုလ်၏သားကြီးဟု ရေးသားခဲ့သည်။ ကျောင်းကြီးသည် အလွန်ကြီးမားသဖြင့် နှစ်နှစ်ကြာ ပြောင်းရွှေ့တည်ဆောက်ခဲ့ရကာ သီပေါမင်းလက်ထက် ၁၈၇၈ ခုနှစ်ရောက်မှ ပြီးစီးခဲ့သည်။
မဟာမင်းထင်ကျောင်းကို ရွှေ့ပြောင်းဆောက်လုပ်ပြီးနောက် ဆရာတော် ဦးတိဿအား ကျောင်းကြီးကို လှူဒါန်း ခဲ့ပြီး ဆင်ဝန်သည် လေးထပ်လည်ပေါ် သုံးဆင့်ခံ ဇေတဝန် ဆောင်မကြီးကို စမြင်ခံအထပ်များ တိုးချဲ့တည်ဆောက်ခဲ့သည်။ ရတနာပုံခေတ်လက်ရာ ကြီးမားခန့်ထည်သည့် မဟာမင်းထင် ကျောင်းကို ရှေးမြန်မာဘုန်းတော်ကြီးများ တည်ဆောက်သည့် ပုံစံအတိုင်း ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဇေတဝန်ဆောင်၊ ဘောဂဆောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ကာ စင်္ကြံပတ်လမ်းကိုပါ ထည့်သွင်းခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင်နှင့် စင်္ကြံပတ်လမ်း အချို့သည် ပြိုကျပျက်စီး လျက်ရှိကာ အချင်းတစ်ပေခွဲမှ နှစ်ပေအထိရှိသည့် တိုင်လုံး ၁၁၀ ဖြင့် တည်ဆောက်ထားသည့် ဇေတဝန်ဆောင်မှာမူ ကျန်ရှိနေသည်။ လက်ရှိမဟာ မင်းထင်ကျောင်းတိုက် တစ်ခုလုံးတွင် တိုင်လုံးပေါင်း ၁၄၃ လုံးသာ ကျန်ရှိနေသော်လည်း မူလကျောင်းတော်တွင် တိုင်ပေါင်း ၄၆၂ လုံး ရှိခဲ့သည်။ မဟာ မင်းထင်ကျောင်းတိုက်ရှိ တိုင်လုံးများသည် ပေ ၃၀ ဝန်းကျင် ရှည်လျားသည့် တစ်ဖြောင့်တည်းသော ကျွန်းတိုင်လုံးကြီးများဖြစ်ကာ လူတစ်ဖက်မက ကြီးမားကြသည်။ ကျယ်ဝန်းသော မြေကွက်လပ်အတွင်း တည်ဆောက်ထားသည့် မဟာမင်းထင်ကျောင်းသည် ဘုံသုံးဆင့်ပါရှိသည့် သစ်သားကျောင်း ကြီးဖြစ်ကာ မူလကျောင်းသည် လက်ရှိကျောင်း၏ သုံးဆခန့် ရှိမည်ဟု ခန့်မှန်းရပေသည်။
မဟာမင်းထင် ကျောင်းအိုကြီး
လွန်ခဲ့သော နှစ် ၁၄၀ ကျော်က လက်ရှိနေရာသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့သည့် သစ်သားကျောင်းကြီးသည် လေး ထောင့်ပုံရှိကာ လက်ရှိအချိန်၌ ကျောင်းကြီး၏ အနောက်ဘက် အုတ်လှေကားသည် လုံးဝနီးပါး ပျက်စီးနေပြီး အသစ်ပြုပြင်ထားသည့် သရက်ကင်းလှေကားနှစ်ခုကိုလည်း မြင်တွေ့ ကြရသည်။
ကျောင်းကြီး၏ စင်္ကြံပတ်လမ်းသည် မြောက်ဘက်တွင် ၁၀ ပေ ဝန်းကျင် ကျယ်ဝန်းလျက် အနောက်ဘက်စင်္ကြံသည် မြောက်ဘက်စင်္ကြံထက် ကျဉ်းမြောင်းသည်။ တောင်ဘက် စင်္ကြံလမ်းသည် ပြိုကျပျက်စီးခဲ့ပြီးဖြစ်ကာ စင်္ကြံသို့တက်သည့် လှေကားသည်လည်း ပျက်စီးနေပြီဖြစ်သည်။
မဟာမင်းထင်ကျောင်းတိုက် ဆောင်မကြီးအတွင်းပိုင်းကို မာရဘင်ကန့်၍ အခန်းနှစ်ခန်း ဖွဲ့စည်းထားကာ တံခါးပေါက်များနှင့် သစ်သားမှန်ကူကွက်များ တပ်ဆင်ထားသည်။ အရှေ့မာရဘင်ဆောင် သုံးဖက်၌ မောင်းတံတပ်ထားကာ ထောက်ဖြင့် ဖွင့်ပိတ်ရသည့် သစ်သားတံခါးများ တပ်ဆင်ထား၍ အနောက်မာရဘင်ဆောင် သုံးဖက်လုံး၌ သစ်သားပြတင်းများ ထည့်သွင်းထားသည်။ မဟာမင်းထင်ကျောင်း၏ အတွင်းပိုင်း ဖွဲ့စည်းထားပုံသည် မန္တလေးတောင်ခြေရှိ ရွှေကျောင်းနှင့် တူညီနေပြီး တိုင်လုံးကြီးများသည် ရွှေကျောင်းမှတိုင်များထက် ကြီးမားသော်လည်း ရွှေကျောင်းကဲ့သို့ အနုလက်ရာများဖြင့် အနုစိတ်ပုံဖော်ထားခြင်း မရှိချေ။
ကျောင်း၏ ဘုရားခန်းဟုဆိုရမည့် အရှေ့မာရဘင်ဆောင်သည် အင်းဝ ဗားကရာကျောင်းတိုက် ဖွဲ့စည်းပုံနှင့် ဆင်တူသည်။ ဝရန်တာမှ ကျောင်းဆောင်အတွင်းသို့ဝင်ရန် စရွေးစွပ် တံခါးအရှင်ကို တပ်ဆင်ထားကာ တံခါးတွင် နတ်ရုပ်များ တပ်ဆင်ထားသည်။ အခန်းဖွဲ့စည်းတည်ဆောက်ရာတွင် ထည့်သွင်းပြုလုပ်ခဲ့သည့် လင်းနို့တောင်ပန်းဆွဲများကို ပကတိအတိုင်း မြင်တွေ့ ကြရပေသည်။
အရှေ့မာရဘင်ဆောင်၌ သစ်သားပွတ်လုံးတိုင်များသုံး ဖက်ကာရံထားသော အကျယ် ၁၅ ပေ ပတ်လည်၊ အမြင့် သုံး ပေနီးပါးရှိသည့် စင်တစ်ခုပေါ်၌ နောက်ခံတံကဲပါရှိသည့် ပလ္လင်ကြီးတစ်ခုကို ထားရှိသည်။ သစ်သားပွတ်လုံးတိုင်များကို ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသော သစ်သားပေါင်များဖြင့် အနားကွပ်ထားသည်။ ယင်းပလ္လင်ကြီးသည် ဗုဒ္ဓဆင်းတုတော် ကြီးတစ်ဆူကို ပူဇော်ထားရှိနိုင်ရုံသာမက ရဟန်းသံဃာတစ်ပါး ထိုင်၍ တရားဟောနိုင်သည့် အကျယ်အဝန်းရှိသည်။ ခန်းမအတွင်း၌ ရှေးဟောင်းစာတိုက်သေတ္တာ အပါအဝင် ရှေးဟောင်းပစ္စည်းအချို့နှင့် ခေတ်သုံး ပစ္စည်းအဟောင်းများကိုလည်း တွေ့ရှိရသည်။
လွန်ခဲ့သော နှစ် ၁၄၀ ကျော်က ရွှေ့ပြောင်းတည်ဆောက် ခဲ့သည့် မဟာမင်းထင်ကျောင်းကြီးသည် မြန်မာမှု အနုလက်ရာများဖြင့် ခမ်းနားစွာတည်ရှိနေသော်လည်း အခြားသော သစ်သားကျောင်းကြီးများကဲ့သို့ လာရောက်ကြည့်ရှုသူ များပြားခြင်းမရှိချေ။
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်
နှစ်ကာလကြာရှည်စွာ လူသူအသွားအလာ နည်းပါးသဖြင့် ပျက်စီးယိုယွင်းမှုများ ရှိလာခဲ့ရာ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာနှစ် အတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ယိမ်းယိုင်နေသည့် တိုင်များကို တည့်မတ်ပေးခြင်း၊ တိုင်များအောက်ခြေကို ကွန်ကရစ်လောင်းခြင်း၊ ကျောင်းကြီးအောက်ရှိ ရေဝပ်သောနေရာများတွင် မြေဖို့ခြင်း စသည့် ပြုပြင်မွမ်းမံမှုများကို ဆောင်ရွက်ခဲ့သည်။ မဟာမင်းထင် ကျောင်းတိုက်ကြီး၏ ပတ်လည်သုံးဖက်ကို ကျုံးပုံစံ အုတ်ရေ မြောင်းဖြင့် ပတ်ရံထားကာ မြောင်းအတွင်း၌ ရေများ အပြည့် ရှိနေသည်။
လက်ရှိ မဟာမင်းထင်ကျောင်းတိုက်ကို ကျောင်းထိုင် ဆရာတော်က ထိန်းသိမ်းစောင့်ရှောက်ထားသော်လည်း ကျောင်းတိုက်အတွင်းပိုင်းသည် အလင်းရောင်ဝင်ရောက်မှု အားနည်းသလို သန့်ရှင်းမှုလည်း နည်းပါးလျက်ရှိနေသည်။ ကျောင်းတိုက်ကြမ်းပြင်ပေါ်၌ ငှက်မွေးများ၊ ပင့်ကူမျှင်များ၊ ခိုချေးများ ကျရောက်နေသဖြင့် ဝင်ရောက်ကြည့်ရှုသူများ အတွက်လည်း အခက်အခဲဖြစ်နိုင်သည်။
၁၈၇၈ ခုနှစ်က မန္တလေးမြို့၌ သီပေါဘုရင် ပြောင်းရွှေ့တည်ဆာက်ခဲ့သည့် ရွှေကျောင်းနှင့် ရှေ့ဆင့်နောက်ဆင့် ရွှေ့ပြောင်းဆောက်လုပ်ခဲ့သည့် မဟာမင်းထင် သစ်သားကျောင်းကြီးကို ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်၍ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာနိုင်သည့် မြန်မာမှုလက်ရာ ဘုန်းတော်ကြီးကျောင်းကြီးတစ်ခု ဖြစ်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယူဆမိပေသည်။
ကိုးကား
(၁) ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည် (နတ်မောက် ထွန်းရှိန်)
(၂) မြန်မာမှု အဆင်တန်ဆာများနှင့်ဘုန်းတော်ကြီးကျောင်းများ (မောင်ယဉ်လှိုင်း၊ ပျဉ်းမမြိုင်)
(၃) မြန်မာ့ယဉ်ကျေးမှု မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းကြီးများ (နတ်မောက်ထွန်းရှိန်)
မောင်သာ(ရှေးဟောင်းသုတေသန)