ထက်ဝေအောင်(စစ်ကိုင်း)
ကျန်းမာစွာ အသက်ရှင်သန်နေထိုင်ရေးအတွက် ရေနှင့်အစားအစာသည် တွဲဖက်လိုအပ် လျက်ရှိသည်။ အာဟာရဖြစ်ဖွယ်စားသောက်စရာ စပါး၊ ဂျုံ၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံစားစရာတစ်ခုမျှ မရရှိလျှင် ချည့်နဲ့အင်အားကွယ်ပျောက်ကြရမည်သာဖြစ်သည်။ စားစရာပြည့်စုံသော်လည်း အာဟာရမပြည့်စုံလျှင် ရောဂါထူပြောမည်ဖြစ်သည်။ အစာ အာဟာရမရရှိလျှင် ရပ်တည်ရှင်သန်ရန် မဖြစ်နိုင်သဖြင့် စား၊ ဝတ်၊ နေရေးတွင် စားရေးသည် အခြေခံအကျဆုံးနှင့် အရေးပါဆုံးလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ အာဟာရပြည့်စုံသော အစားအသောက်ကို မှီဝဲသုံးဆောင်ရန်လိုအပ်သည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါး စုံညီမျှတမှ သက်ရှည်ကျန်းမာလူ့ဘဝ စာချိုးအတိုင်း လူသားအားလုံး အာဟာရပြည့်ဝကျန်းမာကြမည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေနှင့် စားနပ်ရိက္ခာပမာဏ အချိုးမညီမျှ
တိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာ ခေတ်နှင့်အပြိုင် နှစ်စဉ်တိုးပွားလျက်ရှိသော ကမ္ဘာ့ လူဦးရေနှင့် စားနပ်ရိက္ခာပမာဏ အချိုးမညီမျှ ဖြစ်လာသည်ကို လေ့လာတွေ့ရှိရသည်။ စစ်မက် ပဋိပက္ခဖြစ်ပွားခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းသည် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို တုံ့နှေးစေသည်။ လူတစ်ဦးချင်းစီ၏ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများပါ ဆုံးရှုံးစေသည်။ အာဟာရမပြည့်ဝမှုနှင့် ဆင်းရဲမှုသည် ဆက်စပ်တည်ရှိခြင်းကြောင့် ပတ်ဝန်းကျင်ငြိမ်းချမ်းမှသာလျှင် အလုပ်အကိုင် အခွင့်အလမ်းများလည်း တည်တံ့ခိုင်မြဲစေမည် ဖြစ်သည်။ ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစား နေရသူအများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး အရွယ်အားဖြင့် အဘိုးအဘွား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြပြီး စားနပ်ရိက္ခာ မလုံလောက်မှု၊ အာဟာရချို့တဲ့မှုပြဿနာကြောင့် ကမ္ဘာပေါ်တွင် ပျမ်းမျှတစ်မိနစ်လျှင် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးလျက်ရှိနေခြင်းကြောင့် စားရေးလိုအပ်ချက်ပြဿနာကို လူသားချင်းစာနာမှု အသွင်ဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန် လိုအပ်လာခဲ့သည်။
နိုင်ငံတိုင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဆီသို့ ဦးတည်လျှောက်လှမ်းရာတွင် နေ့စဉ်အာဟာရပြည့်ဝစွာရရှိရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအစာထုတ်လုပ်ရေး အခန်း ကဏ္ဍကို အလေးထားဆောင်ရွက်ရန် လိုအပ်ပေသည်။ စားသောက်မှုပုံစံကို ပြုပြင်ရန်လိုအပ်ပြီး ဘေးကင်းလုံခြုံသောအစားအစာကို စားသောက်ကြရန်လည်း လိုအပ်ပေသည်။ အမျှင်ဓာတ်ပါသော အစားအစာ၊ ဘေးထွက်ဆိုးကျိုးနည်းသော အစားအစာများကို မှီဝဲသုံးဆောင်သင့်သည်။ တာရှည်ခံ ပြုပြင်ထုတ်လုပ်ထားသည့် အစားအသောက်များကို ရှောင်ကြဉ်သင့်ပြီး လတ်ဆတ်သောဟင်းသီး ဟင်းရွက်၊ ဓာတုဆိုးဆေးကင်းသောအစာ၊ အေးခဲ အစားအစာတို့ကို သတိပြုဆင်ခြင်သင့်ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လူ့လောက အသိုက်အဝန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၇)ရပ်ချမှတ်ခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများကို အသားပေး ဖော်ဆောင်လျက်ရှိသော်လည်း အာဟာရမပြည့်ဝ သူဦးရေမှာ တိုးပွားလျက်ရှိကြောင်း ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက် အချို့တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏ လျော့ကျမှု၊ အရည်အသွေးမပြည့်ဝမှု၊ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်မှုများကြောင့် ရောဂါဘယထူပြောနိုင်ပေသည်။ ကျန်းမာရေးကို အထောက်အကူပြုစေနိုင် သည့်စားသောက်မှုပုံစံပြောင်းလဲရန်နှင့် အရည်အသွေးပြည့်ဝသည့် စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏ ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်လာသည်ကို လေ့လာဆန်းစစ်ချက်များမှတစ်ဆင့် တွေ့ရှိရသည်။
စားရေရိက္ခာဖူလုံရေးစီမံကိန်းများ ကြိုးပမ်းဆောင်ရွက်
၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခြင်းကင်းစင်သော အနာဂတ်ကို ကြိုတင်ပြင်ဆင်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံ ထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် နှစ်စဉ်ရာသီအလိုက် သီးနှံ ၆၀ ကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဘေးကင်းလုံခြုံ၊ အာဟာရပြည့်ဝသော စားနပ်ရိက္ခာထုတ်လုပ်မှုအခန်းကဏ္ဍကို ရေတို/ရေရှည်နည်းလမ်းများ၊ စားရေရိက္ခာဖူလုံရေး စီမံကိန်းများဖြင့် တက်ကိုဝင့် ရွက်ကိုလွှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လူဦးရေတိုးပွားမှုနှင့် စားရေရိက္ခာဖြည့်တင်းရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေးပြန်လည်ထူထောင် ရေးအခြေအနေများကို လွှမ်းခြုံနိုင်သည့်လယ်ယာကဏ္ဍတစ်ရပ် ပေါ်ပေါက်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဟန်ချက်ညီညီကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍ တစ်ခေတ်ဆန်းသစ်လာစေရေး အတွက် တောင်သူလယ်သမားများ ဝင်ငွေဖွံ့ဖြိုး စီးပွားတိုးတက်စေသည့် ဈေးကွက်ဝင် မျိုးကောင်း မျိုးသန့်များပြောင်းလဲစိုက်ပျိုးခြင်း၊ ရေသွယ်မြောင်းများဖြင့် ရေသွင်းနည်းစနစ်များကို အသုံးပြု ပြောင်းလဲခြင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာခေတ်သို့ ကူးပြောင်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဖော်ဆောင်ပေးလျက်ရှိသည်။ ခေတ်မီနည်းပညာများဖြင့် ပိုးမွှားကင်းစင်ပြီး ရာသီဥတုဒဏ်ခံနိုင်သည့် စပါးမျိုးသစ်များ သုတေသနပြုထုတ်လုပ်ခြင်း၊ စိုက်ပျိုးမှုပုံစံများ ဆန်းသစ်ခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာ စနစ်ကိုကူးပြောင်းခြင်း၊ စနစ်ကျလယ်ယာမြေ များဖော်ထုတ်ခြင်းလုပ်ငန်းများဖြင့် ခိုင်မာသော စားနပ်ရိက္ခာထုတ်လုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးရေရရှိရေး
လယ်ယာကဏ္ဍတွင် မရှိမဖြစ်အရေးပါသည့် အရာမှာ စိုက်ပျိုးရေရရှိရေးဖြစ်ပါသည်။ ရာသီမလပ် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဆည်ရေမှာ လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ မြစ်ချောင်းများမှစီးဆင်းလျက်ရှိသည့် ရေများလေလွင့် ဆုံးရှုံးမှုမရှိစေရေး နည်းပညာအကူအညီဖြင့် လူသားအကျိုးပြု ဆည်မြောင်း၊ တာတမံ တည်ဆောက် သိုလှောင်ထိန်းသိမ်းခြင်းလုပ်ငန်း များဆောင်ရွက်ကြသည်။ စိုက်ပျိုးရေရရှိရေး အလေးထားသော နိုင်ငံအများစုသည် ဆည်မြောင်း တာတမံစနစ်တစ်ရပ် အခိုင်အမာတည်ဆောက်လျက် ဆည်ရေကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းအပိုင်းနှစ်ပိုင်းဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို အကျိုးပြုလျက်ရှိပါသည်။
သီးနှံစိုက်ပျိုးရာတွင် အသုံးပြုလေ့ရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းကို သတိပြုဆင်ခြင်သုံးစွဲရန် လိုအပ်လာပါသည်။ စားသုံးသူများ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးအတွက် ဓာတုဆေးပါဝင်မှု နည်းပါးသော စားသောက်ကုန်များ ထုတ်လုပ်ကြရပါမည်။ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများမှတစ်ဆင့် ကိုင်တွယ်ထိတွေ့အသုံးပြုသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိခြင်း၊ မြေဩဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေများ၏ လိုက်နာဖွယ်ရာ ဥပဒေအချက်အလက်များကို ပိုမိုသဘောပေါက်ခြင်း သည် စိုက်ပျိုးရေးကဏ္ဍအတွက် အပေါင်းလက္ခဏာကို ဆောင်စေမည်ဖြစ်ပါသည်။
အလားတူ ကျေးလက်ဒေသလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများလာခြင်း၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ခြင်း လုပ်ငန်းစဉ်ကို လက်တွေ့ကျကျဆောင်ရွက်ခြင်း ဖြစ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဟန်ချက်ညီညီ ထုတ်လုပ်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးအခန်း ကဏ္ဍအတွက် အကျိုးရလဒ်ကောင်းများကို ပေါ်ထွက်စေပါသည်။ စိုက်ပျိုးရေးလုပ်ငန်းမှ သီးနှံအောင်မြင် အထွက်တိုးနိုင်သကဲ့သို့ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်သောလုပ်ငန်းများမှလည်း ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝကိုမြှင့်တင်ပေးနိုင်ပါသည်။ ကျန်းမာသန့်ရှင်းပြီး အာဟာရပြည့်ဝသော မွေးမြူရေးထုတ်ကုန်များ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် ပိုမိုထုတ်လုပ်ပေးနိုင်ခြင်းဖြင့် တိုင်းပြည် ၏ဝင်ငွေကို တိုးပွားရရှိစေပါသည်။
ကမ္ဘာတစ်ဝန်းလုံးသိရှိစေရန် ရည်သန်ဆောင်ရွက်
ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းဆောင်ရွက်မှု ကို ဂုဏ်ပြုသောအားဖြင့် ၁၉၄၅ ခုနှစ် အောက်တို ဘာလ ၁၆ ရက်နေ့မှစ၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံး၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားများ ကျင်းပကြသည်။ ရည်ရွယ်ချက်အနေဖြင့် ဆာလောင်မွတ်သိပ်သူများအား ကိုယ်ချင်းစာနာနိုင်ရေး၊ လူသားအားလုံး စားနပ်ရိက္ခာလုံခြုံရေးနှင့် အစာအာဟာရ ပြည့်ဝစွာရရှိရေးလိုအပ်ချက်များကို ကမ္ဘာတစ်ဝန်းလုံးသိရှိစေရန် ရည်သန်ဆောင်ရွက်ခြင်းလည်းဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ဆောင်ပုဒ်ကို “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင် ကောင်းမွန် ပြည့်ဝ အာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်း စေ့င ရရှိကြ” “Leave no one behind; Better Production, Better Nutrition, Better Environment and Better Life”ဟူ၍ သတ်မှတ်ခဲ့သည်။ ဆောင်ပုဒ်၏အဓိပ္ပာယ်ကို ခြုံငုံလေ့လာပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုထုတ်လုပ်ခြင်းဖြင့် လူတိုင်းသာတူညီမျှ ကောင်းမွန်ပြည့်ဝသော အာဟာရကိုယ်စီရရှိစေနိုင်မည့် အခြေအနေကို မီးမောင်းထိုးပြထားသည်ကို တွေ့ရှိရသည်။
စားနပ်ရိက္ခာဖူလုံစွာရရှိရေးသည် အခြေခံအကျဆုံးသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ မြန်မာတို့သည် “ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်” ဆိုစကားကို ထောက်ရှု ကြည့်ပါက လူတစ်ဦးသည် အစာအာဟာရမရှိလျှင် ခုနစ်ရက်ထက်ပို၍ အသက်ရှင်သန်နိုင်စွမ်းမရှိမှုကို ရည်ညွှန်းထားသည်။ ထိုအစာအာဟာရသည် လူတစ်ဦးကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုသည်။ သို့ဖြစ်၍ စားနပ်ရိက္ခာလိုအပ်ချက် ကွက်လပ်များကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားနေရသူအများစု၏ ဆန္ဒအာသီသကို မဖယ်ရှားသင့်ပေ။
ဆတက်ထမ်းပိုး စိုက်ပျိုးလုပ်ကိုင်ရန်လိုအပ်
စားနပ်ရိက္ခာလိုအပ်မှုပြဿနာများ ပေါ်ပေါက်ရခြင်းသည် ပဋိပက္ခနှင့်စစ်ပွဲများ၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ နည်းစနစ်လွဲမှားသော စိုက်ပျိုးရေးအလေ့အထများ၊ လူဦးရေအဆမတန် တိုးပွားလာမှုနှင့် ဆင်းရဲမွဲတေမှုအခြေအနေများကြောင့်ဖြစ်သည်။ အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် ကျေးလက်ဒေသလယ်ယာလုပ်ငန်းခွင်များတွင် ဆတက်ထမ်းပိုး စိုက်ပျိုးလုပ်ကိုင်ရန်လိုအပ်ပေသည်။အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုဖြင့် ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်မှု အခြေအနေများလည်း လျော့ကျသွားနိုင်သည်။ စားနပ်ရိက္ခာဖူလုံရေး ကျောထောက်နောက်ခံပြုထားသည့် ကျေးလက်ဒေသလူမှုစီးပွားဘဝများ လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။
သို့ဖြစ်ရာ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အခြေခံအကြောင်းရင်းများဖြစ်သည့် ရာသီဥတုညီညွတ် မျှတမှုရှိရေး၊ စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဖြစ်ပေါ်ရေးမှာ ကမ္ဘာ့ပြည်သူပြည်သားအားလုံး၏တာဝန်ဖြစ်ပါသည်။ မမျှော်မှန်း နိုင်သောဘေးအန္တရာယ်အသွယ်သွယ်နှင့် စားနပ်ရိက္ခာလိုအပ်ချက်ကွက်လပ်ကို ဖြည့်ဆည်းရန် အတွက် လူသားအားလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်သော စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများထူထောင်ခြင်း အစရှိသော လုပ်ငန်းများကို အမျိုးသားရေးအမြင်၊ တက်ကြွသော ဆောင်ရွက်မှုများဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အကောင်းဆုံးပူးပေါင်းပါဝင်ကြပါစို့ဟု တိုက်တွန်းလျက် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။