နေပြည်တော် ၇ အောက်တိုဘာ
ကောင်းမွန်သော မြေယာစီမံခန့်ခွဲရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြန်မာနိုင်ငံတွင် လယ်ယာ ဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့ အကွက်ဖော်ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ လျော့နည်းသွားနိုင်ခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများတွင် အသုံးပြုရန်ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည့် ကိစ္စရပ်များအပေါ် ဥပဒေနှင့်အညီ တားဆီးကာကွယ် နိုင်ရေးနှင့် တိုးတက်ဖွံ့ဖြိုးလာသော မြို့ရွာများ၌ မြို့ပြနှင့်ကျေးရွာစီမံကိန်းများ ရေးဆွဲပြီး စနစ် တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မသမာသောနည်း လမ်းဖြင့် ပုဂ္ဂလိကအကျိုးစီးပွား အသုံးချခြင်းတို့မှ ကာကွယ်ရန် သက်ဆိုင်သူများက အဂတိကင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးနိုင်သည့် လယ်ယာမြေများအား အခြားနည်းသုံးစွဲခွင့်များ လျှောက်ထားပြီး လူနေအိမ်ရာများ၊ စီးပွားရေးအတွက် မြေကွက်များအဖြစ် လုပ်ဆောင်လာမှု၊ မြို့ပေါ်နှင့် ကျေးရွာများ၌ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ချန်လှပ်ထားခဲ့သည့် မြေနေရာလွတ်များ၊ စားကျက်မြေများနှင့် ချောင်းနံဘေး၊ မြစ်ကမ်း နံဘေးများတွင် အသုံးပြုမှုများမဖြစ်စေရေးတို့အတွက် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ ပူးပေါင်းပြီးအဂတိတရား ကင်းရှင်းစွာဖြင့် ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းနှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ရေးအတွက် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့ပြင် လက်ရှိမြေယာများကို စီမံခန့်ခွဲရာတွင် ဒေသဆိုင်ရာဖွံ့ဖြိုးလာမှု၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်စေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် သစ်တောနယ်မြေများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်း စားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
သတင်းစဉ်


