နေပြည်တော် ၃၀ စက်တင်ဘာ
ပတ်ဝန်းကျင်သည် လူသားများအပေါ် အကျိုးသက်ရောက်မှုများစွာရှိသည်။ ပတ်ဝန်းကျင်ဟုဆိုရာ၌ လူတို့နှင့် အနီးကပ်ရှိနေသော လူမှုဘဝပတ်ဝန်းကျင်နှင့် တစ်ကမ္ဘာလုံးအပေါ်လွှမ်းခြုံထားသော သဘာဝပတ်ဝန်းကျင် တို့ကို ဆိုလိုသည်။ ထိုပတ်ဝန်းကျင်များသည် လူသားများအပေါ်ကောင်းမွေ၊ ဆိုးမွေတို့ကို ဖြစ်ပေါ်စေနိုင်သည်။ အမှန်တကယ်တွင် ပတ်ဝန်းကျင်သည် လူသားများအား ကောင်းကျိုးပြုခဲ့သည်။ လူသားများကသာ ပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
သာဓကအားဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စတင်ဖြစ်ပေါ်ခဲ့သည့် ရန်ကုန်မြို့ရှိ မြို့နေလူထုများ၏ စွန့်ပစ်အမှိုက်ပုံကြီးမီးလောင်မှုကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဖြစ်ခဲ့သည့်အပြင် ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေးထိခိုက်မှုဖြစ်ခဲ့ရခြင်းသည် လူတို့စွန့်ပစ်သောအမှိုက်ကြောင့် ပတ်ဝန်းကျင်ပျက်စီးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အလားတူပင် လူသားများအကျိုးအတွက် သဘာဝပတ်ဝန်းကျင်မှ သစ်တောသယံဇာတ၊ ရေမြေသယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်းတို့ကြောင့် ရာသီဥတု ဖောက်ပြန်ပြီး သဘာဝဘေးအန္တရာယ်များကိုလူသားများ ရင်ဆိုင်ကြုံတွေ့နေရသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်ပြဿနာများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြံဆအဖြေရှာနေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍစုံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို ထိရောက်စွာ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ ခြောက်ခုနှင့် ကြီးကြပ်မှုကော်မတီများကိုဖွဲ့စည်းပြီးနောက် ညှိနှိုင်းအစည်းအဝေးများကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပပြီး ရှေ့လုပ်ငန်းစဉ် ၇၇ ခု ချမှတ်နိုင်ခဲ့သည်။ လတ်တလောတွင် လုပ်ငန်းစဉ် ၃၆ ခု ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးကဏ္ဍဖြစ်သည့် သတ္တု၊ သစ်တောနှင့် သား၊ ငါးစသည့် သယံဇာတအရင်း အမြစ်များကို အလွန်အကျွံထုတ်ယူမှုနှင့် တရားမဝင်ထုတ်လုပ်မှုများကိုတားဆီးကာကွယ်ကြရမည်ဖြစ်သည်။ အထူးသဖြင့် သယံဇာတ တရားမဝင်ထုတ်လုပ်မှု၊ ပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းတားဆီးကာကွယ်နှိမ်နင်းရေးတို့ကို တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ ကော်မတီများဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များလည်း ရှိပြီးဖြစ်သည့်အပြင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများလည်းရှိပြီးဖြစ်၍ ယင်းကို ထိရောက်စွာဖြင့် လက်တွေ့ကျကျ ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များအား ပိုမိုကောင်းမွန်သော၊ ပိုမိုသန့်ရှင်းသော သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးဝေနိုင်ရန်တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မျှော်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ကာ တာဝန်ရှိရှိ၊ တာဝန်သိသိ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများသာမက ပြည်သူလူထုတစ်ရပ်လုံးကလည်း အသိ စိတ်ဓာတ်ရှိစွာဖြင့် ပါဝင်ဆောင်ရွက်ကြဖို့လိုအပ်သည်။ ကြီးမားကျယ်ပြန့် သောလုပ်ငန်းများတွင် နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်ပြီး ဒေသတစ်ခုချင်းအလိုက်အတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများ အတူလက်တွဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ