၂၂ သြဂုတ်

 

မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်သည်။ ပညာခေတ်ဆိုသည်မှာ ဗဟုသုတ အသိပညာများကြွယ်ဝသော ခေတ်ကို ဆိုလိုခြင်းဖြစ်သည်။ အသိပညာဗဟုသုတတို့ကို စာပေမှရသလို မိမိတို့၏လူမှုပတ်ဝန်းကျင်မှလည်း ရရှိနိုင်သည်။ ပတ်ဝန်းကျင်မှ အသိပညာဗဟုသုတများ ရရှိရန်အတွက် ပတ်ဝန်းကျင်ကို လေ့လာရသည်။ လူမှုအဖွဲ့အစည်းအတွင်း အသိအမြင်ဖလှယ်ရသည်။

 

အသိအမြင်ဖလှယ်နိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးပြောဆိုကြရသည်။ အသိအမြင်ပိုများသူက အသိအမြင် နည်းပါးသူတို့အား အသိအမြင်မျှဝေပေးရသည်။ လူတို့သည် တစ်ဦးတည်း ထီးတည်းမနေအပ်ပေ။ လူအချင်းချင်းဆက်ဆံခြင်းဖြင့် အကျိုးရလဒ်ကောင်းများကို ရရှိနိုင်သည်။ လူ၏ မူလဘူတစိတ်သည် မိမိ၏အကျိုးစီးပွား(အတ္တ) စိတ်ရင်းရှိသော်လည်း လူအချင်းချင်းဆက်ဆံရင်းမှ အများအကျိုး (ပရဟိတ)ကို ရှေးရှုသည့် အသိအမြင်များ တိုးပွားလာသည်။

 

မျက်မှောက်ကာလသည် အသိအမြင်ဗဟုသုတများ ရလွယ်သောကာလ ဖြစ်သည်။ ဒီမိုကရေစီခေတ်ကာလဟူသော သဘောသဘာဝအရ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ တိုင်ပင် နှီးနှောခွင့်များ ရရှိနေသည်။ မင်္ဂလာတရားတော်မှ “ဗာဟုသိပ္ပဉ္စ” အကြား အမြင်ဗဟုသုတများခြင်း ဆိုသည်နှင့်အညီ မင်္ဂလာရှိသော၊ ကောင်းမွန်သော အမှုကိစ္စများကို ဆောင်ရွက်နေကြပြီ။ ယနေ့ကာလတွင် မညီမညာဖြစ်ပေါ်ပြောင်းလဲလာသော လူ့သမိုင်းစဉ်၏ နိုင်ငံရေးယဉ်ကျေးမှုအဖုံဖုံတို့ကို လေ့လာဆန်းစစ်နိုင်ရန်အတွက် အကြားအမြင်ဗဟုသုတများကို ဖလှယ်ခွင့်ရရှိကြသည်။

 

ထိုအခြေအနေကောင်းများမှာ နိုင်ငံတော်အဆင့် စကားဝိုင်းများ၊ အဖွဲ့အစည်းအလိုက်၊ ကဏ္ဍအလိုက်၊ အကြောင်းအရာအလိုက်၊ ဒေသအလိုက် စကားဝိုင်းများကို ပြည်သူများအကြားတွင် ကျင်းပနိုင်ခြင်းဖြစ်သည်။ စကားဝိုင်းများမှ ပေါ်ထွက်လာသော အသိအမြင်ဗဟုသုတ များသည် မိမိတို့အကျိုး(အတ္တ)အတွက်လည်းကောင်း၊ အများအကျိုး(ပရ) အတွက်လည်းကောင်း ဆောင်ကြဉ်းနိုင်ပြီဖြစ်သည်။

 

ယင်းသည် လူ့ဘောင်အဖွဲ့အစည်း၊ လူ့သမိုင်းစဉ်တစ်ရပ်၏ ဖြစ်ပျက်ပြောင်းလဲမှု၊ တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်သည်။ ပေါ်ထွက်လာသော အသိအမြင် ဗဟုသုတများကိုရယူပြီး မိမိတို့ လူ့ဘောင်အဖွဲ့အစည်းတွင် တွေးခေါ်မြော်မြင်တတ်အောင်၊ ထိုအတွေးအမြင်များကိုအခြေခံ၍ လူ့သမိုင်းဖြစ်ပျက်မှုများကို လေ့လာသုံးသပ် စိစစ်ဝေဖန်ရာ၌ ယထာဘူတကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ အစွဲကင်းစွာဖြင့် စဉ်းစားချင့်ချိန်နိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့လိုမည်ဖြစ်သည်။

 

တွေ့ဆုံဆွေးနွေးဖလှယ်ကြသည်များကို လေ့လာစေ့ငုကြည့်မည်ဆိုပါက အများပြည်သူလိုအင်ဆန္ဒများနှင့် တစ်သားတည်းဖြစ်သည်ကိုတွေ့ရသည်။ ပြည်သူအများ နေထိုင်ကြသည့် ရပ်ရွာဒေသများတွင် ဒေသဖွံ့ဖြိုးရေး၊ လူငယ်များအရေးကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ လူငယ်လူရွယ်များ လမ်းမှားသို့ရောက်နေသောအချိန်တွင် လူငယ်လူရွယ်များအား လမ်းမှန်ပေါ်သို့ ပို့ဆောင်ပေးနိုင်ရန် လူငယ်စကားဝိုင်းများသည် အထောက်အပံ့ကောင်းများ၊ တွန်းအားများပင် ဖြစ်သည်။ လူငယ်လူရွယ်များ အရည်အသွေးမြင့်မားလာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လင်းလာရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို ဤလူမှုအသိုင်းအဝိုင်း အသီးသီး၏ စကားဝိုင်းများမှတစ်ဆင့် ဆောင်ကြဉ်းပေးနိုင်ပေလိမ့်မည်။

 

သို့ဖြစ်ရာ နိုင်ငံအနှံ့အပြားရှိ ဒေသအသီးသီးတွင် ကျင်းပနေသော စကားဝိုင်းအမျိုးမျိုးတို့သည် ပြည်သူများ အသိအမြင် ဗဟုသုတ တိုးစေနိုင်မည်သာမက ပြည်သူများ၏လူမှုဘဝကို မြှင့်တင်ပေးနိုင်မည့် တွန်းအားများဖြစ်၍ အနာဂတ်နိုင်ငံတော်၏ပုံရိပ်ကို ကောင်းမွန်လာအောင် ထုဆစ်ပုံဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ 

 

ကြေးမုံ