ကျောင်းမတက်ခင် ကြိုပြင်ဆင်

၂၆ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတို့ ကျောင်းဖွင့်ချိန်တွေလည်း နောက်ဆုတ်ကြ ရတယ်မဟုတ်လား။ အားလုံးပဲ ကိုယ်ခံအား ကောင်းပြီး ကျောင်းတွေပြန်ဖွင့်တာနဲ့ ကျန်းကျန်းမာမာ ကျောင်းတက်ကြရဖို့ အတွက် ပြင်ဆင်နေကြပြီမဟုတ်လား။ ဒီကာလမှာ ကျောင်းမတက်ခင် ကလေးတို့ ကြိုတင်ပြင်ဆင်ကြတာတွေအနက်က အလေ့အထကောင်းလေးအချို့နဲ့ မမက မိတ်ဆက် ပေးမယ်နော်။

 

စာရေးကိရိယာအပိုတွေကိုသိမ်းဆည်း

 

ကလေးတို့ မနှစ်ကကျောင်းတက်တဲ့အခါ ပိုနေတဲ့စာရွက်စာတမ်းတွေ၊ အသုံးမလိုတဲ့ စာရွက်စာတမ်းတွေကို စနစ်တကျနဲ့ ပြန်ပြီး စိစစ်ဖို့လိုပါတယ်။ အချို့စာရွက်တွေကို စုစည်းပြီး အကြမ်းစာအုပ်လုပ်လို့ရသလို မလိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း စနစ်တကျနဲ့ စွန့်ပစ်ကြဖို့လိုပါတယ်။ သုံးပြီးသားခဲတံတွေ၊ မင်ကုန်တဲ့ ဘောပင်အဟောင်းတွေကိုလည်း စနစ်တကျနဲ့ စွန့်ပစ်ရမှာဖြစ်ပြီး ကလေးတို့ အတွက် အသုံးမလိုတော့ပေမယ့် ကိုယ့်ထက် အတန်းငယ်တဲ့ကလေးတွေ၊ သူငယ်ချင်းတွေ အတွက် ဖတ်စာအုပ်တွေ၊ မှတ်စုစာအုပ်တွေကို လက်ဆောင်ပေးနိုင်ပါသေးတယ်။

 

ကိုဗစ်အကာအကွယ်တွေ ရှာဖွေစုဆောင်း

 

ကိုဗစ်-၁၉ ရောဂါက ဆက်လက်ဖြစ်ပွား နေတာကိုတော့ ကလေးတို့ သိကြမှာပါ။ ဒီကာလမှာကျောင်းတက်ကြမယ့် မောင်လေး၊ ညီမလေးတို့ဟာ နှာခေါင်းစည်းတွေကို စနစ် တကျတပ်ဆင်တတ်ကြပြီလား၊ ဒါမှမဟုတ် ခဏခဏ လက်ဆေးတဲ့အလေ့အကျင့်တွေ ကိုရော ပိုင်ဆိုင်ထားပြီးကြပြီလား။ ပုံမှန် လက်ဆေးတာနဲ့ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ကြဖို့အတွက် အခုကတည်းက ကျောင်းဝတ်စုံတွေကို သန့်ရှင်းအောင်ထားတာ၊ မျက်နှာဖုံးတွေကို စုစည်းထားတာမျိုးတွေ လုပ်ထားသင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကလေးတို့ လိုက်နာရမယ့် အချက်တွေကိုလည်း သေသေချာချာဖတ်ရှုပြီး လေ့ကျင့်ထားကြရမယ်နော်။

 

ကိုင်တွယ်စရာသတိထားပါ

 

ကလေးတို့ရဲ့ ကျောပိုးအိတ်၊ စာအုပ်၊ ခဲတံတွေနဲ့ ထမင်းဘူး၊ အဝတ်အစား စတာတွေအားလုံးက ရောဂါကူးစက်နိုင်တဲ့အရာ တွေဖြစ်ပါတယ်။ ကျောင်းက ပြန်လာတိုင်းမှာ ကလေးတို့ရဲ့ အသုံးအဆောင်တွေကို စနစ်တကျသိမ်းဆည်းတာ၊ လျှော်ဖွပ်တာတွေက ရောဂါမကူးစက်အောင် ကာကွယ်ပေးနိုင်တာမို့ အခုကတည်းက ကောင်းတဲ့အလေ့ အကျင့်တွေကို မွေးမြူလေ့ကျင့်ရင်း ကျောင်း ဖွင့်ချိန်ကို ကြိုဆိုလိုက်ကြရအောင်နော်။

 

မမမေ