ကောင်းမြတ်သည့်စေတနာဖြင့် လုပ်ငန်းတာဝန်ကျေပွန်စွာထမ်းဆောင်

နေပြည်တော် ၂ မေ

 

လူတို့၏အပြုအမူ အပြောအဆို အလုပ်အကိုင်ဟူသမျှတို့၌ စေတနာသည် ပါရစမြဲဖြစ်သည်။ စေတနာဟုဆိုရာ၌ ကောင်းမွန်သည့်စေတနာရှိသလို ဆိုးယုတ်သည့် စေတနာလည်း ရှိသည်။ အလုပ်တစ်ခုကို လုပ်ကိုင်ရာ၌ စေတနာမှန်သော အလုပ်ဖြစ်နိုင်သလို စေတနာမမှန်သော အလုပ် သို့တည်းမဟုတ် စေတနာမပါသော အလုပ်လည်းဖြစ်နိုင်သည်။ စေတနာမပါသော အလုပ်ဖြစ်ပါက မည်သည့်နည်းနှင့်မျှ ကောင်းသောရလဒ်ကို မဖြစ်ပေါ်နိုင်ချေ။

 

ဤလောက၌ အများနှင့်သက်ဆိုင်သော အလုပ်ဟူသမျှကို လုပ်ကိုင်ရာတွင် ကောင်းမြတ်သော စေတနာ ပါရှိနိုင်ရန် လိုအပ်သည်။ လူတစ်ဦးတစ်ယောက်သည် အလုပ်တစ်ခုအား အခကြေးငွေရရှိမှုကြောင့် လုပ်ရသည်ဖြစ်စေ၊ စေတနာ့ဝန်ထမ်း လုပ်ကိုင်ရသည်ဖြစ်စေ အလုပ်တစ်ခုအတွက် ဆောင်ရွက်ရပါက ထိုအလုပ်နှင့်ထိုက်တန်သော ကောင်းမွန်သည့် စိတ်စေတနာများ ထားရှိဖို့လိုအပ်ပေသည်။

 

လူတစ်ဦးတစ်ယောက်သည် အများသူငါ သောက်သုံးရေအတွက် သန့်ရှင်းသောရေကို ဖြည့်တင်း လဲလှယ်ခြင်းသည် ကောင်းမွန်သည့် စေတနာ နှလုံးသွင်းကာ ဆောင်ရွက်ခြင်းဖြစ်သည်။ အစားအသောက် ရောင်းချသော ဈေးသည်တစ်ဦးသည် ဝင်ငွေရလို၍ ဈေးရောင်းခြင်းဖြစ်သော်ငြားလည်း မိမိရောင်းချသည့် ရောင်းကုန်ပစ္စည်းကို ဝယ်ယူစားသုံးသူတို့အပေါ်တွင် စေတနာထားကာ ဆောင်ရွက်ရသည်။

 

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသူများ ဖြစ်သည်။ အများပြည်သူနှင့် ဆက်ဆံရသော ဝန်ထမ်းများအနေဖြင့် မိမိအလုပ်ကို ပေးအပ်ထားသော တာဝန်အရ ဆောင်ရွက်ကြရာ၌ ဝတ်ကျေတန်းကျေ ဆောင်ရွက်ခြင်းမပြုဘဲ မွန်မြတ်သောစေတနာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝန်ထမ်းများရရှိခံစားသော လစာရိက္ခာများသည် ပြည်သူ့ဘဏ္ဍာငွေများဖြစ်၍ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်ရာ၌ ပို၍ပင် စေတနာကောင်းထားသင့်သည်။

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် စိတ်ကောင်း စေတနာကောင်းထား၍ ဆက်ဆံလုပ်ကိုင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ကျေးဇူးကို သိတတ်ရာလည်း ရောက်ပေသည်။ အထူးသဖြင့် နိုင်ငံတစ်ဝန်းလုံးနှင့် သက်ဆိုင်သော၊ အများပြည်သူနှင့်သက်ဆိုင်သော အလုပ်များကို လုပ်ကိုင်ရာ၌ နိုင်ငံ့
ဝန်ထမ်းများအားလုံး ကောင်းမွန်သော စေတနာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုပါက ထိုနိုင်ငံသည် မုချကြီးပွားတိုးတက်လာမည်မှာ မလွဲဧကန်အမှန်ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်းရှိ ပြည်သူလူထု အနေဖြင့်လည်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံစေနိုင်သည်။ 

 

နိုင်ငံ့ဝန်ထမ်းများက နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ကျေပွန်စွာထမ်းရွက်ကြသလို နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများအတွက် ရပိုင်ခွင့်များကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းများ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေရှိစေရေး၊ စားဝတ်နေမှုချောင်လည်စေရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများအပါ အဝင် ဝန်ထမ်းများအားလုံးကို လုပ်ခလစာများ တိုးမြှင့် သတ်မှတ်ပေးကာ ခံစားခွင့်ပြုခဲ့သည်။ ပြင်ပအလုပ်သမားများကိုလည်း အနည်းဆုံးအခ ကြေးငွေ သတ်မှတ်ရန်စီစဉ်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းများ လုပ်ခလစာကို ခေတ်အဆက်ဆက် တိုးမြှင့်ပေးခဲ့ရာ ယခုလစာ တိုးမြှင့်မှုမှာ ၁၅ ကြိမ်မြောက်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းသည် ဝန်ထမ်းများ၏အကျိုးစီးပွားကို နိုင်ငံတော်အစိုးရက မျက်ခြည်မပြတ်ကြည့်ရှုလေ့လာကာ ဆောင်ရွက်ပေးခြင်း ဖြစ်သည်နှင့်အညီ ဝန်ထမ်းများကလည်း နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို စေတနာထားဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အများအကျိုးကို ဆောင်ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများ အပါအဝင် လူတိုင်းလူတိုင်းသည် ဖြူစင်သောစိတ်ထား၊ မွန်မြတ်သော စေတနာဖြင့် ဆောင်ရွက်ကြခြင်းဖြင့် စေတနာကောင်း၊ အလုပ်ကောင်း များဖြစ်လာကာ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုး တိုးတက်ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း။ ။

(ကြေးမုံ)