ကြို့ပင်ကောက်၊ ၂၂ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ရှောင်တခင် ဝင်ရာက်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသားကျောင်းသူများအား အစားအသောက်များမှတဆင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များ ရောင်းချမှုရှိမရှိ၊ မုန့်ထုတ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ဖော်ပြထားခြင်းရှိမရှိ၊ အခြားအစား အသောက်များကို ယင်နားစာများမဖြစ်အောင် လုံခြုံစွာ ဖုန်းအုပ်ထားရန်နှင့် ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်း ရှိမရှိ တို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကြည်သာကပြောသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနတို့မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


