စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးအား အဖြူရောင်ဆေးသင်္ကန်း ကပ်လှူရန်အတွက် လက်ရှိ ရွှေဆေးသင်္ကန်းများချွတ်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကောင်းမှုတော် စေတီတော်ကြီးအား အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူပူဇော်ရန်အတွက် သြဝါဒါစရိယ ဆရာတော်ဘုရားကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်ရင်ပြင်ပေါ်ရှိ အောင်မြေဗောဓိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
''ဒီနေ့ခေါ်ယူရတဲ့ ဖွင့်ပွဲက ဆရာတော်ကြီးက ဂေါပကတွေနဲ့ လုပ်မယ့်ဝန်ထမ်းများကို သြဝါဒပေးတဲ့ ပွဲလေးပါ၊ ငါးပါးသီလ လုံခြုံအောင် ထိန်းသိမ်းကြဖို့ အဓိကကတော့ ဝန်ထမ်းတွေ ဒီကာလအတွင်းမှာ ဆေးလိပ်သောက် ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း လုံးဝမပြုဘဲနဲ့ ဒီအပေါ်မှာ ကြိုးစားဆောင်ရွက်သွားဖို့ သြဝါဒပေးတယ်။ ဒီနေ့က လုပ်ငန်းစတင်တဲ့နေ့ပါ။ လုပ်ငန်းစတင်အခါ သီတဂူဆရာတော်ကြီး မိန့်ကြားထားသလို တပေါင်းလပြည့်နေအမီပြီးအောင် ကုမ္ပဏီကလည်း နေ့ဆိုင်း၊ ညဆိုင်း နှစ်ဆိုင်းခွဲပြီးတော့မှ ကြိုးစားဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်'' ဟု ဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်မျိုးလွင် က ပြောပြသည်။
အဖြူရောင်ဆေး ပြန်လည်ကပ်လှူပူဇော်ရန်အတွက် ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေကြောင်းနှင့် ၎င်းလုပ်ငန်းများ ပြီးစီးပါက ရေဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ Flexible Protective Coating (Mapelastic) သုတ်လိမ်းခြင်း၊ Elastocolour Paint Plus အား သုတ်လိမ်းခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ပြည်တန်ကုမ္ပဏီက သိရသည်။
ကိုမင်း(အင်းတော်)