အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ် ကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် မေလ ၃၀ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၄၉ သိန်းခန့် ရှိပြီဖြစ်သည်။ ကျောင်းနေအရွယ် ကလေးများ၊ လူငယ်များအဖို့ ပညာရေးဟူသည် ရပ်တန့်ထားရကောင်းသည့် အရာမဟုတ်သည့် အလျောက် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန် နိုင်ငံတော်အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသားတို့ လေးဦးလေးဖလှယ် ကြိုးစားကြရသည်။ မိမိတို့နိုင်ငံကဲ့သို့ ပညာရေး အားနည်းနေသည့် နိုင်ငံတစ်ခုအနေဖြင့် ပညာရေးကဏ္ဍတွင်လည်း သူများက ခြေတစ်လှမ်း လှမ်းလျှင် မိမိတို့က ခြေလှမ်း လေးငါးဆယ်လှမ်း လှမ်းနိုင်ရမည်။ သို့မှသာ ရေရှည်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် “ကျောင်းနေ အရွယ်ကလေးငယ်တိုင်း (KG+9) (အခြေခံပညာအလယ် တန်းအဆင့်) အဆင့် ပြီးဆုံးတဲ့အထိ ပညာသင်ကြားနိုင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ (KG+9) အဆင့် အနည်းဆုံး ပြီးမြောက်မှ Vocational Training ကို ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ (KG+9) ဟာ မိမိတို့အစိုးရရဲ့ ပညာရေး ရည်မှန်းချက်သာ ဖြစ်ပါတယ်။ ပညာရေးဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ အနာဂတ်အတွက် အထူးအရေးပါတာကြောင့် နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ ပညာသင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်”ဟူ၍ ပညာရေးဆိုင်ရာကိစ္စများ ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် အခြေခံပညာကဏ္ဍ၌ ကျောင်းထွက်နှုန်း မြင့်မားလျက်ရှိရာ နိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးနေရခြင်းပင်ဖြစ်သည်။ ကျောင်းထွက်နှုန်း မြင့်မားရသည့် အခြေခံ အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးခြင်းက အဓိကပင်ဖြစ်သည်။ အလုပ်လုပ်ကိုင်ရန် အသက်မပြည့်သေးသည့် ကလေးငယ်ဘဝတွင် မိသားစုအတွက် ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးရခြင်း၊ မိသားစု၏လုပ်ငန်းတွင် ဝင်ရောက်ကူညီ လုပ်ကိုင်ရခြင်းစသည်တို့ကြောင့် ကျောင်းထွက်လိုက်ရခြင်းဖြစ်ရာ ၎င်းတို့ အရွယ်ရောက်လာသည့်အချိန်တွင် အတန်းပညာရော၊ သက်မွေးဝမ်းကျောင်းပညာပါ အားနည်းနေပြီး အများစုမှာ ဆင်းရဲနွမ်းပါးမှု သံသရာထဲသို့ ပြန်လည်ကျရောက် သွားကြရသည်။ ထို့ကြောင့် မူလတန်းမှ စတင်ဝင်ရောက်လာသည့် ကျောင်းသားကလေးငယ်ကို (KG+9) ခေါ် အခြေခံပညာ အလယ်တန်း ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ကြားပေးပြီး သက်မွေးဝမ်းကျောင်းပညာနှင့် ချိတ်ဆက်ပေးခြင်းအားဖြင့် ကျောင်းသား ကလေးငယ်၏ အနာဂတ်အတွက် အတတ်ပညာတစ်ခုခုရရှိပြီး အသက်မွေး ဝမ်းကျောင်းနိုင်မည် ဖြစ်သလို နိုင်ငံအတွက်လည်း ကျွမ်းကျင်အလုပ်သမားများ ရရှိနိုင်မည်ဖြစ်သည်။
ပညာသင်ကြားခြင်းသည် ကျောင်းသူ ကျောင်းသား လူငယ်များကို ပူးပေါင်းဆောင်ရွက်တတ်ရန်၊ တာဝန်ယူ တာဝန်ခံတတ်ရန်၊ ဆက်စပ်စဉ်းစားတွေးခေါ်တတ်ရန်၊ တီထွင်ကြံဆ ဖန်တီးတတ်ရန်၊ ပေါင်းသင်း ဆက်ဆံတတ်ရန်၊ အစဉ်လေ့လာ သင်ယူတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန် ဖြစ်သည်။ ပညာသင်ကြားခြင်းအတွက် အရွယ်ကလည်း အကန့်အသတ်ရှိနေရာ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေခွင့်ရရှိရေးအတွက် လူတိုင်း ပါဝင်အားပေး ဆောင်ရွက်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
မြန်မာ့အလင်း