ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိပညာသင်ကြားဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

ချို(ပညာရေး) အခြေခံပညာဦးစီးဌာန

ယခင်နှစ်များထက် ပူပြင်းလှသောနွေရာသီကို အန်တု၍ နွေနှောင်းရာသီကို တရွေ့ရွေ့ ဖြတ်ကျော်လာခဲ့ပြီ။ မကြာမီကာလအတွင်း မိုးသက်မြေသင်းနံ့တို့ဖြင့် ထုံမွမ်းနေမည့် မိုးဦးရာသီသို့ ရောက်လာပေတော့မည်။ မြေသင်းနံ့တို့နှင့်အတူ ဝေ့ဝဲလာမည့် မင်္ဂလာရှိသော ကလေးငယ်များ၏ စာအံသံများကြောင့် ပညာရည် တိုက်ကျွေးမည့် ကျောင်းတော်ကြီး ပြန်လည်အသက်ဝင်လာတော့မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးမီးရထားကြီး စတင်မောင်းနှင်တော့မည်ဖြစ်သည်။

ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ်သည့် လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအယူအဆ၊ အမြင်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့်ဖြစ်စဉ်ဖြစ်သည်။ လူငယ်များ မိမိတို့၏ဆန္ဒ၊ မိမိတို့၏ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေးဘဝမှစ၍ ပညာကိုအပတ်တကုတ် ဆည်းပူးလေ့လာရန်လိုအပ်သည်။  ပညာဆည်းပူးလေ့လာသင်ယူရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့်တော်ဆုံး ပညာသင်ယူရာ ဌာနဖြစ်၍ ပညာပေးရာ စာသင်ကျောင်းသို့ ကျောင်းနေအရွယ်ကလေး အားလုံးရောက်ရှိရန် အရေးကြီးသည်။

မည်သည့်အတွက်ကြောင့် စာသင်ကျောင်းသည် ပညာဆည်းပူးရန် အသင့်တော်ဆုံးဖြစ်ပါသလဲ . . .

ကျောင်းဟူသည် ကျောင်းသားလူငယ်များအား လိုချင်သည့် ပုံစံကို‌ဖြစ်စေအောင် ပုံသွင်းစေခြင်း (သို့မဟုတ်) အမှားလုပ်ခြင်းမှ ကင်းလွတ်စေရန် ထိန်းကျောင်းသည့်နေရာဖြစ်သည်။ လူ့ဘဝတွင် မိမိတစ်ဦးတည်းနေထိုင်၍မဖြစ်နိုင်ပါ။ အခြားသူများနှင့် ထာဝစဉ် ပတ်သက်နေကြရမည်သာဖြစ်၍ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့ နေ့စဉ်နေထိုင်ရာပတ်ဝန်းကျင်ကိုလည်း သိရှိနားလည်အောင် ကြိုးပမ်းရမည်ဖြစ်သည်။ ကျောင်းတက်ရောက်ခြင်းဖြင့် မိမိစာသင်ခန်း၊ မိမိကျောင်းကို မိမိ၏ကိုယ်ပိုင်ပတ်ဝန်းကျင်အဖြစ် မြင်လာကြစေရန်နှင့် စာသင်ခန်းအတွင်း၊ ကျောင်းအတွင်း၊ အိမ်၊ ရပ်ရွာစသည့် မည်သည့် နေရာတွင်မဆို လူအများနှင့် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ကျောင်းမှတစ်ဆင့် သိမြင်လာနိုင်ပေမည်။ 
ဥပမာအားဖြင့် ကျောင်းတွင် အုပ်စုလိုက်ပူးပေါင်းဆောင်ရွက်ကာ နေထိုင်ခြင်းဖြင့် ကျောင်းကို မိမိပတ်ဝန်းကျင်အဖြစ် လက်ခံလာစေမည်ဖြစ်သည်။ ပြဿနာများ ပေါ်ပေါက်လာပါက ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းအဖုံဖုံတို့ကို ကျောင်းသားအချင်းချင်း၊ ဆရာနှင့်ကျောင်းသား ပူးပေါင်းဆွေးနွေးကာ အဖြေရှာလာနိုင်မည်ဖြစ်၍ ကျောင်းသည် ပြဿနာများဖြေရှင်းရန်အတွက် နည်းလမ်းကောင်းများဖော်ထုတ်ပေးနိုင်သည့် အရင်းအမြစ်တစ်ခုဖြစ်လာစေသည်။

ထို့အပြင် ကျောင်းသားလူငယ်တို့အား ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြက်သောဉာဏ်၊ မြင့်မြတ်သောအကျင့်စာရိတ္တနှင့် ပြည့်စုံစေပြီး လူသားအချင်းချင်းစုရုံး၍ အပေါင်းအသင်းနှင့် စုဝေး နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားတတ်ရန်အတွက် အခြေခံဖြစ်၍ ကျောင်းသားလူငယ်များအားလုံးအတွက် အသင့်လျော်ဆုံး ပညာ သင်ကြားပေးရာဌာနသည် စာသင်ကျောင်းပင်ဖြစ်သည်။

ကျောင်းသို့ရောက်ရှိနေခြင်းသည် စာတတ်ရန်၊ လိမ္မာရန်၊ ဆရာဝန် ကြီးဖြစ်ချင်၍၊ အင်ဂျင်နီယာဖြစ်ချင်၍၊ မိဘကျေးဇူးဆပ်ချင်၍ စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တက်ရောက်လာကြသည်။ အမှန်စင်စစ် ကျောင်းသို့ရောက်ရှိခြင်းသည် မိမိဘာသိနိုင်မလဲ၊ ဘာသိသင့်သလဲ၊ ဘာတွေသိရမလဲ စသည်တို့ကို မှန်မှန်ကန်ကန်သိရှိနိုင်ရေးအတွက် ကျောင်းကိုသင်ယူလေ့လာရန်လာရခြင်း(Learning to know) ဖြစ်သည်။ ဒုတိယအနေဖြင့် မိမိဘာတွေဆောင်ရွက်ရမလဲ၊ ဘာတွေ ဆောင်ရွက်သင့်သလဲ၊ ဘာတွေဆောင်ရွက်နိုင်သလဲဆိုသည်ကို စူးစမ်းလေ့လာရန် ကျောင်းသို့လာကြခြင်း(Learning to do) ဖြစ်သည်။

တတိယအချက်မှာ ဤလောကကြီးအတွက် မိမိဘာဖြစ်နိုင်သလဲ၊ မိမိဘယ်နေရာမှာ ဘာဖြစ်သင့်သလဲဆိုသည်ကို သိရှိလေ့လာရန် ကျောင်းသို့လာခြင်း (Learning to be) ဖြစ်သည်။ စတုတ္ထအချက်မှာ ဤကမ္ဘာကြီး၌ အသားအရောင်၊ အဖြူအမည်း၊ လူမျိုး၊ ကိုးကွယ် သည့်ဘာသာ၊ ကွဲပြားခြားနား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ မတူသောသူများ အတူတကွပေါင်းစည်းနေထိုင်ကြရာတွင် စိတ်ဓာတ်၊ အတွေးအခေါ်၊ အယူအဆမတူကြသည့် အမျိုးမျိုးကွဲပြားခြားနားနေသော လူ့အဖွဲ့အစည်းကြီးအတွင်း ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးမှာ အရေးကြီးသဖြင့် ကျောင်းသို့လာရောက်ကြ၍ အေးချမ်းစွာ အတူတကွ နေထိုင်နည်းကို သင်ယူလေ့လာကြခြင်း (Learning to live together) ဖြစ်သည်။

ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဖြစ်

အခြေခံပညာသည် နိုင်ငံသားကောင်းဖြစ်မြောက်ရေးအတွက် တာဝန်ယူပြုစုပျိုးထောင်ပေးရသော ပညာရေးဖြစ်သည်နှင့်အညီ “ဗလငါးတန်”နှင့်ပြည့်စုံသော နိုင်ငံသားကောင်းဖြစ်မြောက်လာရန် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်တို့တွင် အဆင့်အလိုက် သင်ယူသူတို့၏ ဗီဇ၊ အထုံ၊ ဝါသနာ၊ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့အလျောက် အခြေခံပညာ သင်ယူသူတစ်ဦးချင်းစီအလိုက်  ခံယူနိုင်မှုစွမ်းဆောင်ရည်တို့အရ ကြိုးကုတ်အားထုတ်သင်ယူစေရန်ဖြစ်သည်။ စင်စစ်သော် စာသင်ကျောင်းသို့လာရောက်ခြင်းသည် စာမေးပွဲကို အမှတ်ကောင်းကောင်းနှင့် အောင်မြင်ဖို့ရန် ရည်ရွယ်ချက်တစ်ခုတည်းမဟုတ်ပါ။ ကျောင်းသား လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဖြစ်သည်။

“ပညာရေးကို ပညာရေးနှင့် ဆက်နွှယ်ပတ်သက်သူများအားလုံး ပေါင်းစုတာဝန်ယူ ဆောင်ရွက်ရမည်” ဟူသော အခြေခံသဘောတရား တစ်ရပ်ရှိသည်နှင့်အညီ ကလေးများကျောင်းနေမြဲရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆရာများ၊ ကျောင်းအုပ်များ၊ ပညာရေးကြီးကြပ်သူများ၊ မိဘနှင့်ရပ်ရွာလူထုများ၊ ကျောင်းသားများ၊ ပညာရေးတွင် ပါဝင် ပတ်သက်သူများ အားလုံးပေါင်းစု၍ အကောင်အထည်ဖော်ရမည် ဖြစ်သည်။ အမျိုးသားပညာရေးဥပဒေ (၂၀၁၄ ခုနှစ်)၊ အခန်း(၈)၊ ပုဒ်မ (၄၅)တွင် “မိဘ သို့မဟုတ် အုပ်ထိန်းသူသည် မိမိတို့၏ ကလေးများကို ကျောင်းနေအရွယ်တွင် နိုင်ငံတော်က သတ်မှတ်ထားသော အခမဲ့ မသင်မနေရပညာရေးကို သင်ကြားပေးရေးအတွက် သက်ဆိုင်ရာ ကျောင်းသို့ မဖြစ်မနေကျောင်းအပ်ရန်နှင့် ယင်းပညာရေးအဆင့် ပြီးမြောက်သည်အထိ သင်ယူစေရန် တာဝန်ရှိသည်”ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ မြန်မာနိုင်ငံသူ နိုင်ငံသားကောင်းအနေဖြင့် အလေးထား ဆောင်ရွက်ရန် အကြံပြုလိုပါသည်။

ဘဝအတွက် အာမခံချက်ရရှိမည်

နိုင်ငံတော်အစိုးရ၏ ပညာရေးမျှော်မှန်းချက်သည် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း အနည်းဆုံး KG+9 (အခြေခံပညာ အလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးပင်ဖြစ် သည်။ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူ များသည်သာ သက်မွေးပညာသင်ကျောင်းများသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည့်အတွက်  အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သည့် ကျောင်းသားများ၏ ဘဝအတွက် အာမခံ ချက်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင် ပြီးမြောက်သည်အထိ ကျောင်းထားနိုင်ရေး ဦးစွာရည်မှန်းထားရန် လိုအပ်သည်။ 

ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အတူ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက် နေ့အထိ သတ်မှတ်ကာ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန်လ ၁ ရက် နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ အန္တိမပန်းတိုင်သည် ကျောင်းသား လူငယ်တိုင်း ကျောင်းရောက်ရှိ၍ ပညာသင်ကြားတတ်မြောက်ရေးဖြစ်ရာ ဤပန်းတိုင်သို့ ရောက်ရှိရန်အတွက် ဆရာ၊ ကျောင်းသားများ၊ မိဘနှင့်စီမံခန့်ခွဲအုပ်ချုပ်သူများအားလုံး တက်ညီလက်ညီနှင့် တစ်လှေတည်းစီး၊ လှော်ခတ်သွားကြလျှင် လိုရာပန်းတိုင်သို့ အမြန်ရောက်ရှိနိုင် မည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိ ပါက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့်အညီ ကျွမ်းကျင် တတ်မြောက်ရမည့် အသိပညာဗဟုသုတများ ပြည့်ဝနေရန်အတွက် သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းဖြင့် ကျောင်းနေပျော်၍ စာတတ်မြောက်သော၊ စာတော်သော ကျောင်းသားလူငယ်များ၊ နိုင်ငံ၏ အနာဂတ်သားကောင်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။

သို့ဖြစ်၍ မိမိ၏ရင်သွေးငယ်များ၊ မိမိတို့ပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ်ကလေး၊ လူငယ်များ ပညာရေးမဝေးရန်၊ ကျောင်းသို့ရောက်ရှိရန်၊ ကျောင်းအမြန်အပ်နှံရန်အတွက် ပညာရေးတွင်ပါဝင်ပတ်သက်သူများအားလုံး (Stakeholders)က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  ။