ကျောက်ပန်းတောင်း   ဖေဖော်ဝါရီ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျောင်းပိတ်ရက်ကာလ ကျောင်းသားကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို မြို့နယ် အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများအဖြစ်၊ ဘောလုံး(ကျား/မ)၊ ဝူရှူး(ကျား/မ)၊ Physical Fitness Dance(ကျား/မ)၊ မြန်မာ့သိုင်း(ကျား/မ)နှင့် ရိုးရာခြင်း(ကျား/မ) အခြေခံသင်တန်းများကို၊ ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ မြို့နယ်အားကစားကွင်းတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြ(နည်းစနစ်မှူး) ဒေါ် ဝင်းမင်းသန်း ထံမှ သိရသည်။

 

အဆိုပါ သင်တန်းများကို အသက်(၁၅)နှစ်အောက် ကျောင်းသားကလေးငယ် မည်သူမဆိုပါဝင် တက်ရောက်နိုင်ကြမည်ဖြစ်ပြီး၊ ဘောလုံးအားကစားနည်းအတွက် နည်းပြ(၂)ဦး၊ ဝူးရှူးအားကစားနည်းအတွက် နည်းပြ(၂)ဦး၊ ၊ Physical Fitness Dance အတွက် နည်းပြ(၂)ဦး၊ မြန်မာ့သိုင်းအတွက် နည်းပြ(၁)ဦးနှင့် ရိုးရာခြင်းလုံးအတွက် နည်းပြ(၁)ဦး အစရှိသည့်ကျွမ်းကျင်သူများဖြင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပြီး၊အဆိုပါ အားကစားသင်တန်းများကို တက်ရောက် ခြင်းဖြင့် ကလေးငယ်များအတွက် အချိန်ကို အကျိူးမဲ့ကုန်လွန်ခြင်းမရှိပဲ၊ အကျိုးရှိစွာ အသုံးချသွားနိုင်ကြမည်ဖြစ်ကြောင်းနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနအနေဖြင့်လည်း မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါ နည်းပြ(နည်းစနစ်မှူး)က ပြောပါသည်။

 

နေအောင်(ပြန်/ဆက်)