ကလေး   ၂၀    စက်တင်ဘာ    

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော ပစ္စည်းများပေးအပ်ပွဲကို စက်တင်ဘာ ၂၀ ရက်နေ့ က ကလေးမြို့ အထက (၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ကလေးမြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန( MLRC) ဗဟိုကြီးကြပ်မှုကော်မတီဝင် ဆရာမကြီး ဒေါ်မေစီအုန်းမောင်က ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည် ။

 

၈

 

ကျောင်းပြင်ပ ပညာရေးလုပ်ငန်းကို မြို့နယ်အတွင်းရှိ ကျောင်းလုံးဝမနေဘူးသော ကျောင်းနေအရွယ်လွန် (၁၀)နှစ်မှ(၁၄)နှစ်အထိ ကလေးများကို မူလတန်းပညာ ပြီးမြောက်သည်အထိ သင်ယူခွင့်ရရှိစေရန် ကျောင်းနေဖူးသော်လည်း မူလတန်းပညာပြီးဆုံးအောင် မသင်ခဲ့ရသူများ ကျောင်းစော ထွက်ခဲ့ရသူများ မူလတန်းပညာကို ပြီးဆုံးသည်အထိ ဆက်လက်သင်ယူခွင့်ရရှိစေရန် မိသားစုဘဝနှင့်မိမိဘဝကို ခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းရုန်းကန်နေသူများက အလုပ်လုပ်ရင်း တစ်ဖက်တစ်လမ်းက မူလတန်းပညာကို သင်ယူနိုင်စေရန် မူလတန်းမှအထက်တန်း ပညာများကို သင်ယူနိုင်ပြီး မြို့နယ်တွင်းစာမတတ်သူ လုံးဝပပျောက်သွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဉီးစန်းယုက ပြောသည် ။

 

ကလေးမြို့နယ်တွင် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများအဖြစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေစိုက် စခန်းများအဖြစ် အထက(ခွဲ)ကြို့သုံးပင် ၊အမကစံသာ(မြို့) ၊အထက(ခွဲ)ပြည်တော်သာ ၊အထကလက်ပံချောင်း ၊ အလကမင်းလှ ၊အလက(ခွဲ)ပျဉ်းခုံလေး ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(မြို့ဉီးစံ) ၊အလကကြာအင်း တို့တွင် သင်ကြားပေးလျှက်ရှိကြောင်း သိရသည် ။

 

သျှင်နေမင်း(ဂန့်ဂေါ)