မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးငယ်ပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း အသက် (၁၅) နှစ်နှင့်အထက် စာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့်် ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။ အကြောင်းအမျိုးမျိုးဖြင့် ပညာမသင်ကြားနိုင်ခဲ့ခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးနှင့် ဘဝတိုးတက်ရေးအတွက် နစ်နာမှုများစွာဖြစ်စေခဲ့သည်။
ထိုသို့ဖြစ်ပေါ်နေမှုကို အလျင်အမြန် ကုစားမှုမပြုပါက တိုင်းပြည်၏အနာဂတ်တွင် အနုတ်လက္ခဏာများ တိုး၍ဖြစ်ပေါ်လာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ စာမတတ်ခြင်း၊ ပညာမတတ်ခြင်းတို့ လျော့ပါးကာ စာတတ်သူ၊ ပညာတတ်သူများ တိုးတက်ဖြစ်ပေါ်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲက စဉ်ဆက်မပြတ် အသိပေးလမ်းညွှန်လျက်ရှိပြီး ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သူများနှင့်ပတ်သက်၍ ကျောင်းပြင်ပ ပညာရေးဖြင့် မူလတန်းပညာ KG+5 မှတစ်ဆင့် KG+9 သင်ကြားပေးနိုင်ရေးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃)တွင် အကျယ်တဝင့် လမ်းညွှန်ထားသည်။
ပညာရေးဝန်ကြီးဌာနတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနကို ဖွဲ့စည်းထားပြီး စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးကို အကောင်အထည်ဖော်လျက် ရှိသည်ဟုသိရသည်။ လူတိုင်းလူတိုင်းသည် ပညာသင်လို၊ ပညာတတ်မြောက်လိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ပညာ သင်ကြားရမည့် အခြေအနေမှ ကင်းကွာသွားခဲ့ရခြင်းဖြစ်သည်။ အဓိကမှာ ဘဝမပြည့်စုံမှုနှင့် အခက်အခဲ အနှောင့်အယှက်များကြောင့်ဖြစ်ခဲ့သည်။ ပညာရေးနှင့် ကင်းကွာနေသော ပြည်သူများ ပညာဆက်လက် သင်ကြားနိုင်ရေးမှာ ၎င်းတို့၏စိတ်ဓာတ်ခံယူချက်နှင့် ဘဝအခြေအနေများနှင့် အဓိကသက်ဆိုင်နေသည်။ သိမ်မွေ့နက်နဲပြီး ခက်ခဲသည့် အခြေအနေဖြစ်၍ အလေးထားဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။
စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ မိုးလေဝသ ကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာများ ရိတ်သိမ်းပြီးချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်နှင့် လတ်တလောစတင်ဆောင်ရွက်ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်အဆင့်ကို ဆွေးနွေးဆုံးဖြတ်ရန်၊ တစ်နိုင်ငံလုံး စာတတ်မြောက်မှု တိုးတက်လာရေးသည် ပညာရေးဝန်ကြီးဌာနတစ်ခုတည်းသာမက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ်မြောက်ခြင်း၏ အရေးပါမှုကို သိရှိရန်၊ နားလည်နိုင်ရန် အသိပညာပေးရေးသည် အရေးကြီးသည်ကို သတိပြုရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကျောင်းပြင်ပပညာရေးဆိုသည်မှာ ပညာလိုလားသူများ၏ လိုအပ်ချက်နှင့်အညီ ကျောင်းစနစ်ပြင်ပတွင် နည်းလမ်းတကျ ဆောင်ရွက်ပေးသော အစီအစဉ် ဖြစ်သည်။ စဉ်ဆက်မပြတ် ပညာရေးအစီအစဉ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဝင်ငွေတိုးလုပ်ငန်း၊ ဘဝသာယာရေး၊ တစ်ဦးချင်း ဝါသနာပါရာလုပ်ငန်း၊ အနာဂတ်ဦးတည် ပညာရေး၊ ကျောင်းတွင်းပညာရေးနှင့် တန်းညှိအစီအစဉ်တို့ပါဝင်သည်။ “ပညာရေး တွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိစေရ”ရည်မှန်းချက်ကို အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ အစီအစဉ်တွင် တင်းကျပ်သော သင်ကြားသင်ယူမှု လုပ်ငန်းများအစား ပြုလွယ်ပြင်လွယ်ဖြစ်သော၊ ဒေသနှင့်ဆီလျော်သော၊ ရပ်ရွာဒေသခံများကို ဗဟိုပြုသော ချဉ်းကပ်နည်းပုံစံ ဆောင်ရွက်ခြင်းဖြင့် သင်ယူသူများနှင့် ရပ်ရွာလူမှု အဖွဲ့အစည်းများအတွက် ပိုမို ကောင်းမွန်သော ဘဝဖန်တီးလိုသည့် အသိပညာနှင့်ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်နိုင်သည်။
ကျောင်းပြင်ပအစီအစဉ်သည် ခွဲခြားထားသည့် ဒုတိယတန်းစားအစီအစဉ် မဟုတ်ဘဲ ပင်မပညာရေးနှင့် တန်းညှိ အစီအစဉ်ဖြစ်သည်။ အဆိုပါအစီအစဉ်များမှ သင်ယူသူလူငယ်များ ရရှိလာမည့် အသိပညာ၊ ကျွမ်းကျင်မှုကို လက်တွေ့ဘဝတွင် အသုံးချခြင်းဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းထားသည်။ ထို့အပြင် ကျောင်းပြင်ပအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် ဆရာဆရာမများနှင့် ပညာရေး ဝန်ထမ်းများအနေဖြင့် လူမှုဘဝနှင့်ထင်ဟပ်၍ သင်ကြားရသည့် အစီအစဉ်ဖြစ်၍ ၎င်းတို့၏ စွမ်းဆောင်ရည် မြင့်မားလာသော အကျိုးများကိုရရှိမည်ဖြစ်သည်။ မိဘများနှင့်ရပ်ရွာအဖွဲ့အစည်းမှ လူထုသည်လည်း ပညာတတ်လူငယ်များ၏ မွန်မြတ်သော ပြုမူဆောင်ရွက်ချက်များကြောင့် အေးချမ်းသာယာသော ပတ်ဝန်းကျင်၏ ကောင်းကျိုးရလဒ်များကို ခံစားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ပညာရေးကွက်လပ်တစ်ခုဖြစ်သည့် စာမတတ်သူ၊ ပညာမသင်နိုင်သူများ မကျန်ရှိစေရေးအတွက် သိမ်မွေ့နက်နဲပြီး ထူးကဲမွန်မြတ်သည့် ကျောင်းပြင်ပပညာရေးအစီအစဉ် သို့တည်းမဟုတ် ကျောင်းပြင်ပ တစ်သက်တာ ပညာရေးအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အားလုံးလက်တွဲပါဝင်၍ ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ