သံတောင်ကြီး ၁၃ ဇန်နဝါရီ

 

ကရင်ပြည်နယ်  သံတောင်ကြီးမြို့ နော်ဘူဘော ဆုတောင်းတောင် အတက်လမ်းတွင် ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီခွဲခန့်က မီနီဘတ်စ် ခြောက်ဘီးမှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိမ်းမှောက်မှန်လုံယာဉ်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၈၅)ဦး အဖွဲ့လိုက်ထွက်ခွာလာသည့် မော်တော်ယာဉ်(၃)စီးအနက် ယာဉ်မောင်း ဦးခိုင်မင်း (၃၃)နှစ် (ဘ)ဦးမြင့်ဝေ သပြေလှရပ်ကွက် ပျဉ်းမနားမြို့နေသူ မောင်းနှင်သော Higer အမျိုးအစား ခြောက်ဘီးမှန်လုံယာဉ်ဖြစ်ပြီး သံတောင်ကြီးမြို့ နော်ဘူဘော ဆုတောင်းတောင် အတက်လမ်းတွင် အရှိန်မထိန်းနိုင်ဘဲ နောက်ပြန်လျော၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းသား ကျောင်းသူ ၃၁ ဦးအနက် စတုတ္ထနှစ်ကျောင်းသား မောင်အောင်သူလွင် (၂၀)နှစ် တစ်ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ပိတ်ဆို့နေသော ယာဉ်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ယာဉ်ပိတ်ဆို့မှု မရှိတော့ဘဲ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း မြို့နယ် ပြန် /ဆက်မှ သိရသည်။

 

MDN