နေပြည်တော် မေ ၂၅

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ  ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို မေ ၂၅ ရက်မှ စတင်ဆောင်ရွက်လျက် ရှိရာ အဆိုပါလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသားမိဘများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဦးရဲညွန့်အောင်(ကျောင်းသားမိဘ)

ကျွန်တော့်သမီးက အခုဆိုရင် Grade 7 အတန်းကို တက်ရောက်ရမှာဖြစ်လို့ ဒီနေ့ပဲ ကျောင်းလာအပ်နှံ တာပါ။ ပညာရေးဝန်ကြီးဌာနကလည်း ကလေးတွေကို စည်းကမ်းကောင်းမွန်ပြီး အနာဂတ်မှာ အောင်မြင် တိုးတက်တဲ့သူတွေဖြစ်လာအောင် အဘက်ဘက်က ပံ့ပိုးပေးတာ တွေ့ရပါတယ်။ အခုဆိုရင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ခဲတံတွေအပြင် အခြားပညာသင်ကြားရေးမှာ အထောက်အကူပြုမယ့် ပစ္စည်းတွေကိုပါ အခမဲ့အားလုံး ထောက်ပံ့ပေးထားပါတယ်။  အခုလို ကလေးတွေရဲ့ ပညာရေးအတွက် လိုလေသေးမရှိ အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူအားလုံးကိုလည်း ကျောင်းသားမိဘ တစ်ဦးအနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။

ဒေါ်မိုင်ထွေးထွေးဇော်(ကျောင်းသားမိဘ)

ကလေးကို ကျောင်းသားအသစ် ကျောင်းပြောင်းအနေနဲ့ ကျောင်းလာအပ်တာပါ။ ကျောင်းလာအပ်တဲ့ အခါ ကျောင်းပြောင်း TC မပါသေးတဲ့အတွက် ဘာတွေထပ်လိုမလဲဆိုတာ ဆရာမတွေဆီမှာ လာရောက် စုံစမ်းတာဖြစ်ပါတယ်။ ကျောင်းကနေ Grade 9 အတွက် ပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်နဲ့ ခဲတံ နှစ်ချောင်းစီ ထောက်ပံ့ပေးပါတယ်။ သမီးအငယ်အတွက်ဆိုရင် ကျောင်းဝတ်စုံလည်းပါတယ်။ ကျွန်မတို့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ ပညာရေးကို အားပေးပံ့ပိုးဖို့က အင်မတန်အရေးကြီးပါတယ်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကလေးတွေရဲ့ ရှေ့ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာပါ။ အခြားမိဘတွေကိုလည်း အခက်အခဲရှိရင် ဆရာ ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ့်သားသမီးရဲ့ ပညာရေးကို အတူတူဝိုင်းဝန်းမြှင့်တင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

ဦးဝင်းမြင့်ဦး(ကျောင်းအုပ်ဆရာကြီး)

အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း

ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက် မှ  ၃၁ ရက်အထိ သတ်မှတ်ပေးထားပေမယ့် ဇွန်လ အထိ ကျောင်းအပ်လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအပ်နှံဖို့ အချိန်ကိုတော့ နံနက် ၈ နာရီကနေ   ညနေ  ၃  နာရီအထိ နေ့စဉ်လက်ခံပေးသွားမှာ ဖြစ်ပါ တယ်။  ကျောင်းအပ်နှံရေးနေ့ မရောက်ခင် မေ ၁၅ ရက်လောက်ကတည်းက ဆရာ ဆရာမတွေအားလုံး မိခင်ဌာနကျောင်းကို ပြန်လာကြပြီး  ကျောင်းဖွင့်ဖို့နဲ့ ကျောင်းအပ်နှံရေးအတွက် လိုအပ်တဲ့ သန့်ရှင်းရေး လုပ်ငန်းတွေ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ခန်းတွေနဲ့  အတန်းအားလုံးကို  ကြိုတင်ပြီးတော့ ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။

အထက(၅)အနေနဲ့ ကျောင်းကြို/ပို့ကား ငါးစီးနဲ့ လမ်းကြောင်း ငါးကြောင်းကို ကျောင်းသားကျောင်းသူ တွေအတွက် တစ်နေ့ကို နှစ်ခေါက်နှုန်းနဲ့ ကြို/ပို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခြားကျောင်းတွေက ပြောင်းရွှေ့လာတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း အဆင်ပြေစွာ လက်ခံဆောင်ရွက်ပေးနေပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေရဲ့ ပညာရေးအတွက် ကျောင်းလာရောက်အပ်နှံကြဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖိတ်ခေါ်ပါတယ်။

ဒေါ်သက်သက်သင်း(ကျောင်းအုပ်ဆရာမကြီး)

အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း

အရင်နှစ်ကတော့ ကျောင်းသားဦးရေ ၁၄၈၀ ရှိခဲ့ပြီး အခုနှစ်မှာလည်း အတန်းအသီးသီးကို  နံနက် ၇ နာရီကနေ အခု ၁၀ နာရီအထိ ကျောင်းသားဦးရေ ၈၀၀ ခန့် လာရောက်အပ်နှံပြီးပါပြီ။ “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ  လူငယ်တွေအားလုံး  ကျောင်းကို ရောက်ရှိပြီး  ပညာသင်ကြားဖို့ လိုအပ်ပါတယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ KG မှ Grade 12 အထိ အခန်း ၁၃ ခန်းနဲ့ ကျောင်းအပ်လက်ခံဖို့ ပြင်ဆင်ထားပါတယ်။ ကျောင်းသား အသစ်တွေလည်း ဝင်လာမှာဖြစ်တဲ့အတွက် ကျောင်းသားအသစ်တွေကိုလည်း သီးသန့် လက်ခံပေးလျက်ရှိပါတယ်။ ကျောင်းပြောင်းလာတဲ့သူတွေကိုလည်း ကျောင်းပြောင်းလက်မှတ်  TC ချက်ချင်း ပါမလာသေးရင်လည်း လက်ခံပေးထားပါတယ်။

ဒီမှာက ကျောင်းသားမိဘတွေက ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ရုံးမသွားမီ အချိန်မီ ကျောင်းအပ်နှံ နိုင်စေဖို့ နံနက်စောစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်လက်ခံပေးလျက်ရှိပါတယ်။ ရှေ့ဆက်ပြီး လည်း ကျောင်းသား ကျောင်းသူ ကလေးငယ်တွေအားလုံး ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စာပေ သင်ကြားလေ့လာနိုင်အောင် အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျောင်းအပ်နှံ ရေးရက်သတ္တပတ်မှာ ကျောင်းအပ်လို့ရသလို ကျောင်းဖွင့်တဲ့အချိန်မှာလည်း ဆက်ပြီးတော့ ကျောင်းအပ်လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်စမ်းစမ်း(ကျောင်းအုပ်ဆရာမကြီး)

အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း

ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ဦးရေ စုစုပေါင်း ၁၁၆၁ ဦးဖြစ်ပြီး ဒီနှစ်မှာတော့ လက်ရှိအချိန်အထိ ကျောင်းလာရောက်အပ်နှံပြီးသူ ဦးရေ ၄၀၀ ကျော် ရှိနေပြီဖြစ်တဲ့အတွက် မနှစ်က တက်ရောက်သူဦးရေရဲ့ တစ်ဝက်ကျော်လောက်ဟာ ကျောင်းလာအပ်နှံပြီးဖြစ်ပါတယ်။ ကလေးတွေကို အပြင်မှာနေမယ့်အစား ကျောင်းဝင်းထဲမှာရှိနေတာက ပညာလည်းတတ်၊ လိမ္မာရေးခြားလည်းရှိစေမှာပါ။ အပြင်မှာပဲ လွှတ်ထားမယ်ဆိုရင်တော့ အပေါင်းအသင်းမှားပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသားမိဘတွေကို အဓိကထားပြီး စည်းရုံး လှုံ့ဆော်မှုတွေ လုပ်ပါတယ်။ ကျောင်းနေရမယ့်အရွယ် သားသမီးတွေကို ကျောင်းရောက်အောင်ပို့ပေးကြဖို့ ရပ်ရွာတွေအထိ   ကွင်းဆင်းပြီး  မိဘတွေ၊ ရပ်ရွာ ပြည်သူ လူထုကို ဟောပြောစည်းရုံးခဲ့ပါတယ်။ မေလ ဒုတိယပတ်ကတည်းက စတင်ခဲ့တဲ့ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်းမှာ  ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းလာရောက်အပ်နှံနိုင်ဖို့ အတွက် ရပ်ကွက်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အသိပေးနှိုးဆော်မှုတွေကို   တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။

ဒေါက်တာကျော်လွင်(ညွှန်ကြားရေးမှူး)

နေပြည်တော်ပညာရေးမှူးရုံး

ပြီးခဲ့တဲ့   ပညာသင်နှစ်ကတော့  ပြည်ထောင်စု နယ်မြေ နေပြည်တော် မြို့နယ် ရှစ်မြို့နယ်မှာ အခြေခံ ပညာကျောင်း တက်ရောက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၉၀၀၀ ကျော် တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ ဒီနှစ်ကတော့ ကျောင်းသားဦးရေ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အခုနှစ်ပညာသင်နှစ်မှာတော့ Grade 9 အောင်မြင်လို့ Grade 10, 11, 12 တက်မယ်ဆိုရင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းတွေကို စိတ်ဝင်စားလာအောင် ရည်ရွယ်ပြီး   အသိပညာဗဟုသုတပေးတဲ့အနေနဲ့ သင်ခန်းစာတွေထဲမှာ ထည့်သွင်းပြီးတော့ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေကိုစာမေးပွဲ စစ်ဆေးခြင်းပြုလုပ်မှာမဟုတ်ဘဲ အလယ်တန်း အဆင့်မှာ အတွေ့အကြုံ ဗဟုသုတတွေ ရရှိပြီးတော့ အထက်တန်းအဆင့်မှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်တွေကို  သင်ကြားချင်စိတ် ပေါက်အောင်ရယ်၊  တက်ရောက်တဲ့အခါမှာလည်း လွယ်လွယ်ကူကူ လေ့လာသင်ယူနိုင်အောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်၊ အလေးထားမှုတွေနဲ့အညီ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့   ပညာသင်နှစ်အလိုက်  ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ အခုအခါ ပြည်ထောင်စုနယ်မြေ နေပြည်တော်က ခရိုင် လေးခရိုင်မှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း လေးကျောင်း စုံလင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် Grade 12 အထိ ကျောင်းသားတွေ စုံစုံလင်လင် လေးကျောင်းလုံး တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီကျောင်းတွေကို တက်ရောက်ဖို့  ကျောင်းအပ်နှံဖို့အတွက်လည်း ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ မြို့နယ်၊ ခရိုင် အဆင့်ဆင့် တာဝန်ရှိတဲ့ ကျောင်းအုပ်ကြီးတွေက ကျောင်းသား ကျောင်းသူတွေကို အသိပညာပေးတာတွေ၊ ဆက်လက် သင်ယူနိုင်မှုအခွင့်အလမ်းတွေကို သိရှိနားလည်အောင် အရင်နှစ်စာမေးပွဲတွေဖြေအပြီး   ကျောင်းမဖွင့်ခင် ကတည်းက  အသိပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ခဲ့တာ   ဖြစ်ပါတယ်။ အရင်နှစ်တွေရဲ့ အတွေ့အကြုံတွေ၊  အားနည်းချက်၊  အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး အခုပညာသင်နှစ်မှာ အကောင်းဆုံးဖြစ်စေဖို့ သင်ကြားသင်ယူမှုလုပ်ငန်းတွေကို စနစ်တကျပြင်ဆင်စီမံထားရှိပါတယ်။