ကျောင်းသား ကျောင်းသူများအတွက် ကူဘိုတာမြန်မာမှ ကျောပိုးအိတ်၊ စာအုပ်နှင့် စာရေးကိရိယာအစုံ ၁၆၃၀ဝ လှူဒါန်း

နေပြည်တော်   ၄   အောက်တိုဘာ

 

ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှုတွင် အထောက်အကူပြုစေရေးအတွက် ကူဘိုတာမြန်မာကုမ္ပဏီမှ ကျောင်းသုံးလွယ်အိတ်နှင့် စာရေးကိရိယာ အစုံ ၁၆၃၀ဝ လှူဒါန်းသည့် အခမ်းအနားကို အောက်တိုဘာ ၃ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကူဘိုတာ မြန်မာကုမ္ပဏီက ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်၊ စာအုပ်နှင့် စာရေးကိရိယာအစုံ ၁၆၃၀ဝ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် နှစ်ကလည်း ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ မျက်မမြင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ယခုလှူဒါန်းသည့် ကျောပိုးအိတ်၊ စာအုပ်နှင့် စာရေးကိရိယာကိုလည်း ယခင်နှစ်ကအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကူဘိုတာမြန်မာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Mr.Kunitomo Sato က ကျောင်းသုံးစာရေး ကိရိယာများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍  “ကျွန်တော် တို့အနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အခုလိုမျိုး လာရောက် လှူဒါန်းတာ ဒုတိယအကြိမ်ပါ။ ကျောင်းသုံးလွယ်အိတ်နဲ့ စာရေးကိရိယာအစုံ ၁၆၃၀ဝ ကို မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိတဲ့ အမှန်တကယ်လိုအပ်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ ကျောင်းသုံးလွယ်အိတ်နဲ့  စာရေးကိရိယာ အစုံ ၅၀ဝဝ ကို ပညာရေးဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပြီး ကျန်အစုံ ၁၁၃၀ဝ ကို ကူဘိုတာမြန်မာ တာဝန်ရှိသူများမှတစ်ဆင့် ဝေးလံခေါင်ဖျားဒေသမှာရှိတဲ့ ကလေးသူငယ်တွေကို သွားရောက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အခုလို လှူဒါန်းရခြင်းဟာ ကလေးတွေ အနာဂတ်ပညာသင်ကြားမှုမှာ တစ်ထောင့်တစ်နေရာက အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

 

ကူဘိုတာမြန်မာကုမ္ပဏီ အနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန် ၂၇ ရက်က SIAM KUBOTA Corporation Co.,Ltd. နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့ရှိ လိုအပ်ချက်ရှိသော ကျောင်းနေအရွယ်ကလေးများအား လွယ်အိတ်နှင့် စာရေးကိရိယာအစုံ ၁၅၀ဝဝ ကို လှူဒါန်းခဲ့ကြောင်း၊ အနာဂတ်တွင် ပညာရေးနှင့် သက်ဆိုင်သည့်အရာများ လိုအပ်လာသည်နှင့်အမျှ အဆိုပါ လိုအပ်ချက်များကို ထပ်မံပံ့ပိုးကူညီသွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

 

အဆိုပါ ကျောင်းသုံးကျောပိုးအိတ်နှင့် စာရေးကိရိယာ ပေးအပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကူဘိုတာ မြန်မာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နိုင်လင်းကြည်၊ ကိုမင်း