မိုင်းယောင်း ၁၄ ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ  အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်ကြူးကျေးရွာနှင့် ဝမ်မိုင်ကျေးရွာများမှ ဒေသခံပြည်သူများ ၁၀၉၄ ဦးတို့ကို အရိုးအကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူများအား မိုင်းဖြတ်မြို့ရှိ ကုတင်(၁၀ဝ)ဆံ့ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ထို့နောက် သွေးလွန်တုပ်ကွေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နေရောင်ခြည်နှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မိုင်းယောင်းတပ်နယ်မှ နည်းဗျူဟာမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

အဆိုပါ ဆေးကုသရာသို့ ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးဝါးကုသမှု ရရှိစေရေးအတွက် တပ်မတော်မော်တော်ယာဉ်များဖြင့် ကျေးရွာများအထိ သွားရောက်ကြိုဆိုခြင်း၊ ပြန်လည်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)