ရန်ကုန်  ၁၄ ဇွန်     


မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားကို တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာ ဆုံးရှုံးရမှုများ၊ မူးယစ်ဆေး အစဖြစ်သည့် ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များအကြောင်း သိရှိစေပြီး နိုင်ငံ၏ အနာဂတ်ဖြစ်သည့် ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ 


အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး သန်းဆွေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ အန္တရာယ်များအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို  အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ခန်းမအတွင်း ပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


နိုင်လင်းအောင် (တာမွေ)

 

1