နေပြည်တော် နိုဝင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းသည် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉီးစီးအဖွဲ့ ဉက္ကဋ္ဌ ဉီးအာကာလင်း နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်ကြားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရန် သတင်းအချက်အလက်နှင့် အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများသည် လွန်စွာ အရေးကြီးပါကြောင်း၊ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက် ဖြန့်ဝေရေးနှင့် အသိပညာမြင့်မားအောင် ဆောင်ရွက်ရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဉီးစီးဌာန၏ အဓိကတာဝန်ပင် ဖြစ်ပါကြောင်း၊ ပြည်သူများအား အသိပညာ ဖြန့်ဖြူးပေးရန် စာကြည့်တိုက်များကို အခြေခံဆောင်ရွက်ရမည် ဖြစ်သဖြင့် စာကြည့်တိုက်များ၏ အသွင်သဏ္ဍာန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များ စာကြည့်တိုက်ကို ဝင်ထွက်သွားလာစေရန်အတွက် ၎င်းတို့ ဖတ်ချင်သည့် စာအုပ်စာစောင်များကို စီစဉ်ထားရှိပေးရန် လိုအပ်ပါကြောင်း။
ထို့ပြင် ကွန်ပျူတာသင်တန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိပါက ပွင့်လင်းစွာတင်ပြရန် နှင့် ဝန်ထမ်းအချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင်လုပ်ကိုင်ကြစေလိုကြောင်း၊ ယခုအခါ မသမာသူ အဖျက်သမားများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေကြသဖြင့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဖော်ထုတ်တားဆီးကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဉီးစီးအဖွဲ့ဉက္ကဋ္ဌ က လူထုအခြေပြု ဗဟိုဌာန (Community Centre) လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံသုံးခန်းမ တည်ဆောက်ထားမှု အခြေအနေနှင့် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွာငံမြို့နယ်ရှိ အနန္တဇိန သမ္ဗုဒ္ဓေ စေတီ တော်ကြီး တည်ဆောက်နေမှု အခြေအနေများအား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌက စေတီတော်ကုန်း တော်ပေါ်မှ ရွာငံမြို့၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပင်းတယနှင့် ရွာငံမြို့တို့သည် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများအတွက် အခြေခံကောင်းများ တည်ရှိပြီးဖြစ်သဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားလာစေရန် မီဒီယာ နည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်