၁၇ စက်တင်ဘာ
လွတ်လပ်ရေးစိတ်ဓာတ်ကို အရှိန်အဟုန်ဖြင့် တိုးမြင့်လာအောင် လှုံ့ဆော်လိုက်သည့် ပထမကျောင်းသားသပိတ်၊ မြန်မာ့သမိုင်းတွင် ပထမဦးဆုံး နိုင်ငံရေးအဖွဲ့အစည်းဟုတွင်သည့် ဂျီစီဘီအေ အသင်းချုပ်ကြီး၊ မြန်မာ့ပညာရေး အစဉ်အလာကို ထိပ်ဆုံးတန်းရောက်အောင် မြှင့်တင်နိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အစရှိသည်တို့ ပေါ်ထွန်းခဲ့သည်မှာ လာမည့် ၂၀၂၀ ပြည့်ဆိုလျှင် နှစ်တစ်ရာရှိပြီ။
မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ထားရသော နှစ်တစ်ရာပြည့် အထိမ်းအမှတ်တို့၏ တန်ဖိုးကား ကြီးမားလှပါသည်။ ၁၉၂၀ တက္ကသိုလ် ပညာရေးစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပထမကျောင်းသားသပိတ်သည် မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲကို အောင်ပွဲရသည်အထိ ခေါ်ဆောင်သွားခဲ့သော အဖြစ်အပျက် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေးအရှိန်အဟုန် ကြီးမားပျံ့နှံ့လာခြင်းက ကျောင်းသားလှုပ်ရှားမှုများနှင့် ဆက်စပ်၍ပေါ်ပေါက် လာခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို ကျောင်းသားလှုပ်ရှားမှုများက အစပြု ဖောက်ခွဲလိုက်ခြင်းဟုပင် ဆိုရမည်ထင်ပါသည်။ ပထမကျောင်းသားသပိတ်၏ တပ်လှန့်သံက ဗြိတိသျှအစိုးရ ထိတ်ထိတ်ပျာပျာ ဖြင့် တုန်လှုပ်သွားခဲ့ရသည်အထိ ဖြစ်ခဲ့သည်။
ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ သိသိသာသာ အရှိန်မြင့်တက်သွားခဲ့၏။ မြန်မာပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှုကလည်း တစ်ဟုန်ထိုးဖြစ်ခဲ့လေသည်။ ထိုသို့သော ပြည်သူလူထု၏ နိုင်ငံရေးစိတ်ဓာတ်များ ရှင်သန်တက်ကြွလာမှုကပင် မြန်မာ့လွတ်လပ်ရေး ပန်းတိုင်ရောက်သည်အထိ မောင်းနှင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှု၏ နောက်တစ်ဆင့်ဖြစ်ခဲ့သည့် ၁၉၃၆ ဒုတိယကျောင်းသားသပိတ်က ကျောင်းသားလှုပ်ရှားမှုမှသည် နိုင်ငံရေးလှုပ်ရှားမှု၊ ထိုမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေးအထိ ပေါက်ရောက်ခဲ့လေသည်။
ကျောင်းသားနှင့် ကျောင်းသားသမဂ္ဂဟူသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းတွင် အရေးပါဆုံးသော အခန်းကဏ္ဍမှာ ရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက မွေးထုတ်လိုက်သည့် ကိုနု၊ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုဗဆွေ၊ ကိုအောင်ကျော်တို့သည် မြန်မာ့လွတ်လပ်ရေး၏ အရေးအပါဆုံးသော ခေါင်းဆောင်များဖြစ်ခဲ့သည်။
ထို တကသ၊ ဗကသ အစရှိသည့် ကျောင်းသားသမဂ္ဂများကပင် ဗမာ့တပ်မတော်ခေါင်းဆောင်များကို မွေးထုတ်ခဲ့၏။ ဗိုလ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းခေါင် စသည်။
သည့်ထက်ပိုဆိုရလျှင် ၁၉၆၂ အာဏာသိမ်းပွဲမတိုင်မီ မြန်မာနိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တို့မှာ ကျောင်းသားသမဂ္ဂများက မွေးထုတ်လိုက်သူများပင် ဖြစ်ပါသည်။
ထိုထိုသော သမိုင်းအစဉ်အလာအတိုင်းပင် ဒီမိုကရေစီအရေးတော်ပုံကာလအထိ ကျောင်းသားလူငယ်များစွာ အနစ်နာခံခဲ့ကြသည်ပဲ ဖြစ်ပါသည်။
ယနေ့ထိလည်း ကျောင်းသားလူငယ်တို့၏အင်အားကို ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အားထားကြရဦးမည်သာ။ ကျောင်းသားလူငယ်တို့ဆိုသည်မှာ နိုင်ငံအတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်များအဖြစ် သတ်မှတ်ယုံကြည်ကာ စနစ်တကျ လမ်းဖွင့်ပေးရမည့်၊ အားပေးရမည့်သူများဖြစ်သည် မဟုတ်ပါလား။ ။
မြန်မာ့အလင်း