မန္တလေး ၁၇ အောက်တိုဘာ
3L Education မှ ကြီးမှူးကျင်းပသော လက်တော့ပ်၊တက်ပလက်များဖြင့် ကျောင်းသား ကျောင်းသူ ကလေးများအား အုပ်စုဖွဲ့၍ အင်္ဂလိပ်၊ သင်္ချာ ၊အထွေထွေသိပ္ပံ၊ပထဝီနှင့် ဉာဏ်စမ်း ပညာရေးဂိမ်းများ ကစားပွဲကို မန္တလေးမြို့၊ ၂၆လမ်းနှင့်၇၁လမ်းထောင့်ရှိ ဂျက်ဖာဆင်စင်တာတွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပခဲ့သည်။
ဉာဏ်စမ်းပညာရေးဂိမ်းကစားပွဲကို အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူတွေကို အခမဲ့ သင်ကြားပေးခြင်းဖြစ်ကြောင်း၊ တစ်ဖွဲ့လျှင် သုံးဦးနှုန်းနဲ့ အသက်(၁၁)နှစ်မှ အသက်(၁၂) အတွင်း အဖွဲ့(၈)ဖွဲ့နှင့် အသက်(၁၃)နှစ်မှ အသက်(၁၄)နှစ်အတွင်း အဖွဲ့(၈)ဖွဲ့ ပါဝင်ကစားကြကြောင်း၊ ကလေးငယ်များ အနေဖြင့် ဖုန်း၊ ကွန်ပျူတာတို့ဖြင့် Violent, Action ဂိမ်းများ ကစားရခြင်းကို စွဲလမ်းလျက်ရှိခြင်းကြောင့် ကျောင်းစာနှင့် ဆက်နွယ်မှုရှိသော ပညာရေးဂိမ်းများအား သိရှိစိတ်ဝင်စားစေရန်၊ ကျောင်းသား/သူများ ပျော်ရွင်စေပြီး ဗဟုသုတများသာမက စွမ်းရည်ကောင်းများ ရရှိစေရန်၊ ပညာရေးဂိမ်းမှ တစ်ဆင့် စူးစမ်းလေ့လာမှုများ၊ ဖြတ်ထိုးဉာဏ်၊ စဉ်းစားတွေခေါ်မှုများတိုးတက်လာစေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် သင်ကြားပေးခြင်းဖြစ် ကြောင်း၊ အဆိုပါ ဉာဏ်စမ်းပညာရေးဂိမ်းများကို ကစားလိုသော ကျောင်းသား/သူများရှိပါက အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် အစိုးရကျောင်းအနေဖြင့် 3L Education Facebook Page တွင် ဆက်သွယ်၍ လည်းကောင်း၊ဖုန်း ဝ၉-၇၉၇၅၂၀၂၄၀ အားလည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပြီး ဆက်သွယ်လာသော ကျောင်းများ သို့ အခမဲ့ လာရောက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း 3L Education မှ ပရောဂျက်ဒါရိုက်တာ ကိုကျော်စည်သူအောင် က ပြောသည်။
အဆိုပါ ဉာဏ်စမ်းပညာရေးဂိမ်းကစားပွဲကို မန္တလေးမြို့ရှိ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူကလေးများ များက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


