၂၁ ဇန်နဝါရီ
ဒုစရိုက်ဟူသည် မကောင်းမှု၊ မကောင်းသောအကျင့်ကို ဆိုလိုကြောင်း သိရှိကြပြီး ဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဒုစ္စရိတဟူသော ဝေါဟာရမှ ဆင်းသက်လာပြီး ကိုယ်အားဖြင့်လည်းကောင်း၊ နှုတ်အားဖြင့် လည်း ကောင်း၊ စိတ်အားဖြင့် လည်းကောင်း မကောင်းမှုတို့ကို ပြုတတ်ကြရာ ကိုယ်အားဖြင့်ပြုသည့် ကာယဒုစရိုက်သုံးပါး၊ နှုတ်အားဖြင့်ပြုသည့် ဝစီဒုစရိုက်လေးပါး၊ စိတ်အားဖြင့်ပြုသည့် မနောဒုစရိုက်သုံးပါး စုစုပေါင်း ဒုစရိုက် ၁ဝ ပါးရှိသည်ဟူ၍ ကျမ်းဂန်တို့က ပြဆိုထားသည်။
လူတို့ပြုတတ်သည့် မကောင်းမှု၊ မကောင်းသောအကျင့်များအနက် နှုတ်အားဖြင့်ပြုလုပ်သော ဝစီဒုစရိုက်သည် လွယ်လွယ်ဖြင့် ပြုကျင့်တတ် ကြသော အကျင့်များဖြစ်ကြပြီး မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ကုန်းချောပြစ်တင်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းဆဲရေးတိုင်းထွာ ပြောဆိုခြင်း၊ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းဟူ၍ မကောင်းမှု လေးမျိုး ပြဆိုထားသည်။ မိမိတို့နေ့စဉ်ဘဝများ လှုပ်ရှားရှင်သန် နေထိုင်ရာပတ်ဝန်းကျင်တို့တွင် ဝစီဒုစရိုက်များစွာကို နိစ္စဓူဝဆိုသလို ကြုံတွေ့နေကြရသည့်အလျောက် အဆိုပါမကောင်းမှု၏ ရိုက်ခတ်မှုများကို ခံစားဖူး ကြမည်ဖြစ်သည်။ ဥပမာအားဖြင့် ရုန့်ရင်းကြမ်းတမ်းစွာပြောကြား လိုက်သည့် နှုတ်အမူအရာနှင့် ဆဲရေးတိုင်းထွာမှုကို ကြားလိုက်မည်ဆိုပါက တိုက်ရိုက်သက်ဆိုင်သည့် အဆဲခံရသူသာမက အနီးဝန်းကျင်၌ ရှိနေသူ ကြားကြားသမျှလူအားလုံးတို့၏ စိတ်နှလုံးတို့ကိုပါ ဒေါမနဿများ ပွားများ ထိခိုက်စေပြီး အကုသိုလ်တရားတို့ ကူးစက်လောင်ကျွမ်းကာ ကျက်သရေ မင်္ဂလာတို့လည်း ယုတ်လျော့ပျောက်ဆုံး စေတတ်သည်။ စင်စစ်အားဖြင့် မည်သည့်ဒုစရိုက်မှုကို ပြုသည်ဖြစ်စေ ဒုစရိုက်အမှု၏ တန်ပြန် အကျိုး သက်ရောက်မှု အကုသိုလ်ကို ရယူခံစားရသူမှာ ပြုသူကာယကံရှင်ပင် ဖြစ်သည်။
ဝစီဒုစရိုက်လေးမျိုးကို ရှောင်ကြဉ်၍ အဂ¯ငါးမျိုးနှင့်ပြည့်စုံသော စကားကို ကောင်းစွာဆိုအပ်သော စကားဖြစ်ကြောင်း မြတ်ဗုဒ္ဓက ဆုံးမတော်မူထားသည်။
''ရဟန်းတို့ အဂ¯ငါးမျိုးနှင့်ပြည့်စုံသောစကားသည် ကောင်းစွာဆိုအပ် သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်။ အပြစ်လည်းမရှိ။ ပညာရှိတို့လည်း မကဲ့ရဲ့အပ်'' အဘယ်ငါးမျိုးတို့နည်းဟူမူ¼ (၁)ပြောဆိုရန် အချိန်အခွင့် သင့်ရောက်သောကာလ၌ ပြောဆိုခြင်းလည်း တစ်ပါး၊ (၂) မှန်ကန်စွာပြောဆိုခြင်းလည်း တစ်ပါး၊ (၃) နူးညံ့သိမ်မွေ့စွာ ပြောဆိုခြင်း လည်း တစ်ပါး၊ (၄) အကြောင်းအကျိုးနှင့် စပ်သည်ကိုသာလျှင် ပြောဆို ခြင်းလည်း တစ်ပါး၊ (၅) မေတ္တာရှေ့ထား၍ မေတ္တာစိတ်ရှိ၍ ပြောဆိုခြင်း လည်း တစ်ပါး။
''ရဟန်းတို့ အင်္ဂါငါးမျိုးနှင့်ပြည့်စုံသောစကားသည် ကောင်းစွာ ဆိုအပ်သည်မည်၏။ မကောင်းသဖြင့် ဆိုအပ်သည်မမည်။အပြစ်လည်းမရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်''ဟူ၍ အင်္ဂုတ္တရနိကာယ် -စတုတ္ထပ္ဏာသ၊ ဝါစာသုတ်၊ ဗြာဟ္မဏဝဂ်တွင် လေ့လာနိုင်သည်။
စကားပြောဆိုခြင်းသည် က္ဘာမြေပေါ်ရှိ သတ္တလောကတွင် လူသားတို့ကသာ ပြုနိုင်သည့် စွမ်းရည်တစ်ရပ်ဖြစ်သည်။ လူသည် စကားဖြင့် ပြောဆိုကာ အချင်းချင်းဆက်သွယ်ဆက်ဆံနိုင်သည့် တစ်ခုတည်းသော သက်ရှိဖြစ်သည်။ ကောင်းသောစကားသည် ပြောသူ၊ နားထောင်သူကို သာမက လူ့အသိုက်အဝန်းတစ်ခုကိုပါ ကောင်းကျိုးသက်ရောက်စေနိုင် သကဲ့သို့ ဆန့်ကျင်ဘက်အားဖြင့် မကောင်းသောစကားသည်လည်း ပြောသူ၊ နားထောင်သူနှင့် လူ့အသိုက်အဝန်းကိုပါ မကောင်းကျိုး သက်ရောက်စေနိုင်သည်။
အင်္ဂါငါးမျိုးနှင့်ပြည့်စုံသည့် ကောင်းသောစကားတို့ကိုသာဆိုကာ မိမိနှင့်တကွ မိမိအသိုက်အဝန်း၊ မိမိအဖွဲ့အစည်း၊ မိမိမျိုးနွယ်၊ မိမိရပ်ဝန်းတို့ အပေါ် ကောင်းကျိုးမင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ပါစေကြောင်း။ ။