ကောင်းသောခဏများ

 

ဒေါက်တာသီတာအောင်(အမျိုးသားသွေးဌာန)

ကျေးဇူးတော်ရှင် ဗုဒ္ဓဟောကြားခဲ့တဲ့ ပုဗ္ဗဏှသုတ်တော်မှာ -

“သုစရိုက်ကျင့်ရာ နေ့ အခါကား ကောင်းသောနက္ခတ်၊ ကောင်းသော မင်္ဂလာချည်းသာ၊ ကောင်းသောမိုးလင်း ရခြင်း၊ ကောင်းသောအိပ်ရာမှာနိုးထရခြင်း၊ ကောင်းသော ခဏ၊ ကောင်းသော မုဟုတ်ချည်းသာဖြစ်သည်။

 

သုစရိုက်ကျင့်ရာ နေ့အခါ၌ ထိုသူသည် ကာယကံမှု၊ ဝစီကံ၊ မနောကံမှုမှန်သမျှသည် တိုးတက်ကြီးပွားကြောင်း အကောင်းအမြတ်ချည်းသာတည်း။ ထိုသုစရိုက် ကျင့်သူတို့၏ ကံသုံးပါးတို့ကားတိုးတက်ကြီးပွားကြောင်း ကောင်းမှု၌ ထားခြင်းမည်၏။

 

တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သော ကံသုံးပါးတို့ကို ပြုကြကုန်၍ ကောင်းမြတ်သော အကျိုး စီးပွားကို ရရှိကြကုန်၏။ သင်တို့သည် ကောင်းကျိုးကို ရရှိကြကုန်သည်၊ ချမ်းသာခြင်းရှိကြကုန်သည်၊ ဘုရားရှင် သာသနာတော်၌ တိုးတက်စည်ကားကြီးပွားကြကုန် သည်ဖြစ်၍ ဆွေမျိုးအပေါင်းနှင့်တကွ ရောဂါကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်ဖြစ်ကြပါစေ ကုန်သတည်း” ဆိုတဲ့အဆိုအမိန့်၊ သစ္စာစကားကို နှလုံး သွင်းမိတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ ကောင်းသောခဏ ကောင်းသောကံသုံးပါးကို ဆောင်ရွက်နေသူများအတွက် အားရမိပါတယ်။

 

အခုလို ရောဂါဘေးနီးကပ်နေချိန်မှာ ပြည်သူများအတွက် စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေကို တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲပြီး ပြည်သူများစွာ က စိတ်ဝင်စားစွာ တက်ညီလက်ညီဆောင်ရွက်နေတဲ့ကောင်းသော လုပ်ဆောင်မှုများကို တွေ့ခွင့်ရလို့ လွန်စွာ အားရမိပါတယ်။

 

အမျိုးသားသွေးဌာနအနေနဲ့ မျက်မြင်တွေ့ကြုံရတဲ့ ပီတိကိုလည်း မျှဝေလိုပါတယ်။ ယခုလို အချိန်မှာ လာရောက်ထောက်ပံ့ပေးကြတဲ့ သွေးလှူရှင်များရဲ့ ကောင်းသော လုပ်ဆောင်ခြင်းတွေကိုပါပဲ။

 

ယခုလို ကိုဗစ်-၁၉ ဘေးဒုက္ခကို စိုးရွံ့နေချိန်မှာ အမျိုးသားသွေးဌာနရဲ့ သက်တမ်းတစ်လျှောက် လုံးဝ ( မကြုံဖူးတဲ့ထောက်ပံ့မှုကို ပြည်သူများစွမ်းဆောင်သွားတာ တွေ့လိုက်ရပါတယ်။ နေ့စဉ်ရုံးဖွင့်ချိန်မှာ တစ်ဦးချင်း ထောက်ပံ့တဲ့သွေးလှူရှင်များ အများဆုံး ၇၀ - ၁၀၀ အထိ သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ ၆ ရက် (တနင်္လာနေ့)မှာ သွေးလှူရှင် (၁၆၉) ဦး၊ ၇ ရက် (အင်္ဂါနေ့)မှာ (၁၈၆)ဦး၊၈ရက်(ဗုဒ္ဓဟူးနေ့)မှာ (၁၆၉) ဦး၊၉ ရက်(ကြာသပတေးနေ့) မှာ (၂၄၂)ဦး လာရောက်လှူဒါန်းမှုကို တွေ့ရလို့ လွန်စွာ အားရမိပါ၍ ပြည်သူများပီတိဖြစ်စေရန် မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။

 

လူငယ်များ(အသက် ၃၅နှစ်အောက်)ရဲ့ ထောက်ပံ့မှု ဟာ အများဆုံးဖြစ်တာကို တွေ့ရှိလိုက်ပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ အကြိမ်ကြီး သွေးလှူရှင်များလည်း လာရောက်ထောက်ပံ့ပါတယ်။ အထူးသဖြင့် သတိထားမိ တာကတော့ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှ ဆရာဝန်လေးများ၊ သူနာပြုများ၊ သူနာပြုအကူများ လာရောက်လှူဒါန်းကြတာ တွေ့ရပါတယ်။

 

အခုအချိန်မှာ မိမိတို့အတွက် အရေးကြီးချိန်ဖြစ်လို့ မိမိတို့ဝန်ဆောင်မှုကို အားထားရမယ့်သူတွေ ရှိလာမှာ ဖြစ်လို့ အသက်ကြီးသူများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ဝန်ထမ်းများရဲ့ သွေးလှူဒါန်းမှုကို ဟန့်တားခဲ့ရ ပါတယ်။

 

လူငယ်များရဲ့ ထောက်ပံ့မှုဟာ သွေးလှူဒါန်းမှုအတွက် အားကြီးတဲ့ အထောက်အပံ့ဖြစ်လာပြီမို့ ပိုမိုလိုအပ်တဲ့ နယ်ပယ်များမှာ စွမ်းအားတွေ ပြည့်ဝနေစေလိုလို့ ဖြစ်ပါတယ်။ ။

 

ယခုလိုအချိန်မှာ သွေးထောက်ပံ့မှုပြုရတဲ့ သွေးဘဏ်များအနေနဲ့ အဓိကတာဝန်အရှိဆုံးကတော့ သွေးလှူရှင်များနဲ့ ဝန်ထမ်းများရဲ့ လုံခြုံစိတ်ချမှုရှိရေးပဲ ဖြစ်ပါတယ်။လူနာတွေကို သွေးမှတစ်ဆင့် ကူးစက်ဖို့အခြေအနေ နည်းပါးတာကြောင့် စမ်းသပ်စစ်ဆေးမှုအပိုင်းကို ထပ်မံ အားဖြည့်စရာမလိုအပ်ပါ။

 

သွေးလှူရှင်များနဲ့ ဝန်ထမ်းများအတွက် လုံခြုံစိတ်ချ ရမယ့် ပတ်ဝန်းကျင်ဖြစ်ဖို့ အရေးကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့်လိုအပ်တဲ့ လိုအပ်ချက်တွေကို အဆင့်ဆင့်၊ တင်းကျပ်စွာ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပြည်သူတွေကို သိရှိနိုင်အောင်လည်း သတင်းစကားများဖြန့်ဝေပြီးဖြစ်ပါ တယ်။

 

သွေးရောဂါလူနာများ၊ ကင်ဆာရောဂါခံစားရလို့ ကုသမှုခံယူရတဲ့လူနာများ အရေးပေါ်ခွဲစိတ်မှု၊ အရေးပေါ် အခြေအနေအတွက် သွေးလိုအပ်သူများ၊ တစ်ပါးသူတွေ သွေးနဲ့ ထောက်ပံ့မှ သက်တမ်းရှည်ပြီး နေထိုင်ရ သက်သာမယ့် မွေးရာပါ သွေးလိုအပ်သူများ ယခုလို ၊ ကျပ်တည်းချိန်အထိ အပူအပင်မရှိ ကုသမှုခံယူနိုင် နေပါတယ်။ ပြည်သူများ ဝမ်းမြောက်နိုင်ရန် မျှဝေခြင်း ဖြစ်ပါတယ်။ ။

လူနာများအတွက် အပူအပင်ကင်းအောင် ကုသမှု ခံယူနိုင်နေတာကတော့ မိမိတို့ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ချိန်မှာ ကိုယ့်လိုကျန်းမာခြင်းနဲ့ မပြည့်စုံတဲ့ လက်ရှိဆင်းရဲဒုက္ခတွေ့နေရသော သွေးလိုအပ်နေသည့် လူနာများအပေါ် ဖြစ်ပေါ်လာတဲ့ သနားခြင်းကရုဏရဲ့ အားကောင်းတဲ့ တွန်းပို့မှုနဲ့ စွမ်းဆောင်နိုင်ခဲ့ကြတဲ့ စေတနာရှင်ပြည်သူများရဲ့ ကောင်းသောကံသုံးပါးကြောင့် ပဲ ဖြစ်ပါတယ်။

 

ဤအားကောင်းသည့် ကောင်းသောခဏများ၏ ပေါင်းစုမှုများကြောင့် အနာရောဂါကင်းရှင်းချမ်းသာခြင်း များ မလွဲမသွေရရှိနိုင်မည်ဟု ခံယူမိပါသောကြောင့် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။ ကျန်းမာသောလူငယ်များ အားလည်း ဆက်လက်ထောက်ပံ့ပေးပါရန် နှိုးဆော်လိုက် ရပါတယ်။

မြန်မာ့အလင်း