နေပြည်တော် ၄ အောက်တိုဘာ
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၌ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ စသည်ဖြင့် အခြေခံပညာကျောင်း ၅၀ဝ၀ဝ ခန့်ရှိပြီး အခြေခံပညာ ကျောင်းသား ကျောင်းသူ ၉ ဒဿမ ၇ သန်းကျော်ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် နှစ်စဉ်ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ပေးခြင်း၊ ဖြန့်ဝေပေးခြင်းကို ပူးပေါင်း ဆောင်ရွက်ပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များကို ကျေးဇူးတင်ရှိပါကြောင်း။
လာမည့်ပညာသင်နှစ်တွင် သင်ရိုးအသစ်ပါ အတန်းများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဆရာကိုင်စာအုပ်များပြုစုခြင်း လုပ်ငန်းများကို အချိန်မီပြီးစီးစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ သင်ရိုးသစ်များ ပြုစုရေးဆွဲရာတွင် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ အရည်အသွေးပြည့်မီစေရန် ဆောင်ရွက်ရသည့်အတွက် အချိန်ယူဆောင်ရွက်ရပါကြောင်း၊ သို့သော် သင်ရိုးသစ် ပြဋ္ဌာန်းစာအုပ်များ ရေးဆွဲမှုနောက်ကျပါက ပုံနှိပ်မှုလုပ်ငန်းများ၊ ဖြန့်ဝေမှုလုပ်ငန်းများ နှောင့်နှေးနိုင်သည့် အတွက် အချိန်မီပြီးစီးနိုင်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ရေကြီးရေလျှံမှုများကဲ့သို့ သဘာဝဘေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသုံးစာအုပ်များ ထပ်မံလိုအပ်လာပါက အချိန်မီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များကို နှစ်စဉ်နှစ်တိုင်း ရိုက်နှိပ်ဖြန့်ချိရာတွင် တစ်နှစ် ထက်တစ်နှစ် အရည်အသွေးပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်သုံးရပ်ကို အများသိရှိထားသည်မှာ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ဆိုသည့် တာဝန်များ ဖြစ်ပါကြောင်း၊ မှတ်တမ်းတင် မခံရသော်လည်း ကြီးမားသည့် တာဝန်တစ်ရပ်မှာ တစ်နိုင်ငံလုံးရှိ ကျောင်းများအတွက် ကျောင်းသုံးစာအုပ်များ ပုံနှိပ်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနအတွက် ကျောင်းသုံးစာအုပ်များကို ရိုက်နှိပ်လာခဲ့သည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျောင်းသားအရေအတွက်၊ အတန်း၊ ဘာသာရပ်များ များပြားလာပြီး ရိုက်နှိပ်ရသည့်ပမာဏ များပြားလာသည့်အတွက် ပြင်ပပုဂ္ဂလိကသို့ အပ်နှံရသည့် ပမာဏလည်း များပြားလာသည်ကို တွေ့ရပါကြောင်း၊ ယခင်နှစ်က ပြင်ပတွင် ၆၉ သန်း ရိုက်နှိပ်ခဲ့ရပြီး ယခုနှစ်တွင် ၇၇ သန်း ခန့်မှန်းထားပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းတို့တွင် အရည်အသွေး ကောင်းမွန်ရန်နှင့် တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများထံ အချိန်မီ ရောက်ရှိရန် အဓိကထား ဆောင်ရွက်ပါကြောင်း၊ ပြီးခဲ့သည့် နှစ်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံ၊ အခက်အခဲများအပေါ် သုံးသပ်၍ ယခုနှစ်တွင်လည်း မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပုံနှိပ်ပြီး ကျောင်းသုံးစာအုပ်များကို ကျောင်းသူ ကျောင်းသားများထံ အချိန်မီရောက်ရှိရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များက ပုံနှိပ်ရေးနှင့် ဖြန့်ချိရေး လုပ်ငန်းပါတွဲ၍ စာချုပ်ချုပ်ဆိုခဲ့သည့် အလေ့အထရှိပါကြောင်း၊ ပြဋ္ဌာန်းစာအုပ်များကို ပုံနှိပ်စက်များမှ သတ်မှတ်ထားသည့် ခရိုင်ရုံးများအထိ ရောက်ပြီး သတ်မှတ်ထားသည့် အရည်အသွေး ပြည့်၊ မပြည့် စိစစ်လက်ခံခဲ့ပါကြောင်း၊ ယခုနှစ်တွင် မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ အရေအတွက်အလိုက် ထုတ်ပေးခဲ့ပါကြောင်း၊ ထိုလုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်လုပ်ငန်းရှင်များနှင့် မိမိတို့ အခြေခံပညာဦးစီးဌာနတို့ ပေါင်းစပ် ဆောင်ရွက်ခဲ့သည့်အတွက် ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နောင်ကိုလည်း ဆက်လက်ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ်မှတ်အချိန်အတွင်း အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်၊ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက အခြေခံပညာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေဖြန့်ဖြူပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
သတင်းစဉ်


