ရန်ကုန် နိုဝင်ဘာ ၁၄
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ အစည်းအဝေးကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရ က ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများကို ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးက ချမှတ်ခဲ့သော "ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်စေရန်၊ ပိဋကတ်ကျမ်းဂန်နှံ့စပ်စေရန်၊ ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်စေရန်၊ မြန်မာစာပေ အရေးအသားတော်စေရန်" ဟူသော ပရိယတ္တိပညာ သင်ကြားရေး အခြေခံမူလေးရပ်နှင့်အညီ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆင်း သင်တန်းသား ရဟန်းတော်များသည် မိမိတို့၏ ကုသိုလ်ကံအားလျော်စွာ ကျောင်းထိုင်၍ သာသနာပြုရမည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ ဘုရားရှင်၏ အဆုံးအမ သာသနာတော်နှင့်အညီ မိမိ၏ အကျိုးစီးပွားနှင့် လောက၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရေးအတွက် "စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန် သာသနာ" ဟူသော သာသနာပြုလမ်းစဉ်အတိုင်း သာသနာပြုပါက မလွဲဧကန် အောင်မြင်မည်ဖြစ်ပြီး၊ သင်တန်းကျောင်းများတွင် ဘာသာရပ် ၁၁ မျိုးကို သင်ကြားပြသပေးနေကြောင်း သိရကြောင်း၊ ကျောင်းအုပ်ဆရာတော်များအနေဖြင့် မြန်မာ့ဓလေ့ထုံးစံများ၊ ရိုးရာယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာ အဆုံးအမများကို သိရှိလိုက်နာ၍ လောကကောင်းကျိုး ဆောင်ရွက်နိုင်သော ကျောင်းထိုင်ဆရာတော်များ ပေါ်ပေါက်လာစေရန် ဘာသာရပ်တိုင်းကို အလေးဂရုပြု သင်ကြားပေးရန်လိုကြောင်း အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။
ဆက်လက်၍ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ဗဟို) ကြီးကြပ်ရေးအဖွဲ့ သတ္တမအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လျှောက်ထားပြီး ဆက်လက်ဆောင်ရွက်ရမည့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လျှောက်ထားသည်။
ထို့နောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း လျှောက်ထားကြကာ ဆွေးနွေးချက် (၄)ရပ်နှင့်ပတ်သက်၍ အတည်ပြုချက်(၁)ချက်နှင့် ဆုံးဖြတ်ချက် (၅)ချက်ကို ချမှတ်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသက နိဂုံးချုပ်ဩဝါဒ မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းသည်။
ယနေ့အချိန်ထိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (၂)နှစ်သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သင်တန်းအကြိမ်ပေါင်း ၂၀၇ ကြိမ် ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်ဆဲ သင်တန်းသား ၂၂၃ ပါးနှင့် တက်ရောက်ပြီး သင်တန်းသား ၄၄၅၈ ပါး၊ စုစုပေါင်းသင်တန်းသား ရဟန်းတော် ၄၆၈၁ ပါးရှိကြောင်း သိရသည်။
သတင်းစဉ်