နေပြည်တော်၊ စက်တင်ဘာ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီထုတ်လုပ်တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိနိုင်မှုနှင့် လုပ်ငန်းရှင် များအတွက် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာကောင်းများကို မှန်းဆပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းအပေါ်ဘက်စုံမှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်၏ စံသတ် မှတ်ချက်များ၊ ကုန်သွယ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများ အပါအဝင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခြေအနေများအပေါ် ကော်ဖီတောင်သူများ ကော်ဖီလုပ်ငန်းရှင်များ ကော်ဖီအသင်း အဖွဲ့များ အနေဖြင့် မှန်ကန်မျှတစွာ ရှုမြင်သုံးသပ်ပြီး မိမိတို့၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်း ကြစေလိုကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန် ၊အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်ဂျာမဏီနှင့် UAE နိုင်ငံများသို့ တင်ပို့ ရောင်းချ လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁,၁၀၀ ခန့် တင်ပို့ရောင်းချခဲ့ကြောင်း၊ ကော်ဖီ တင်သွင်းမှုအနေဖြင့် ကော်ဖီစေ့၊ Coffee Mix နှင့် Coffee Powder ပုံစံ ၃ မျိုးဖြင့် တင်သွင်းလျက်ရှိပြီး Coffee Mix ၁,၂၅၀ တန်ခန့်နှင့် Coffee Powder ၄,၅၀၀ တန်ခန့် တင်သွင်းခဲ့သည်ကို အကောက် ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း။
ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံ၊ ဟိုပုံး၊ ပင်လောင်းဒေသများမှ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့အာရေးဗီးကားကော်ဖီ သည် အထူးတန်းဝင် ကော်ဖီအဆင့်ရခဲ့မှုနှင့်အတူ အထိုက်အလျောက် မြင့်မားသော ကော်ဖီစျေးနှုန်းများရရှိနေပြီဖြစ်၍ နိုင်ငံခြားဝင်ငွေပိုမိုရရှိလာပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးအမြတ်ဖြစ်ထွန်းလာလျက်ရှိကြောင်း။
ယခုအလုပ်ရုံဆွေနွေးပွဲတွင် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းနှင့်အတူ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၌ ဝန်ကြီးဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်း နှင့် ကော်ဖီအစုအဖွဲ့များမှ ကော်ဖီလုပ်ငန်းရှင်များ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ ဖော်ထုတ်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူးက ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ခြေအနေများကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံကော်ဖီအသင်း နာယကနှင့် မြန်မာနိုင်ငံကော်ဖီ အသင်းအစုအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံကော်ဖီအသင်း လက်ရှိဆောင်ရွက်နေမှုနှင့် ကော်ဖီတန်ဖိုးမြှင့်ကွင်းဆက်၊ ပို့ကုန်မြှင့်တင်ရေး၊ ပြည်ပသွင်းကုန် အစားထိုးကော်ဖီထုတ်လုပ်မှု၊ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးကြသည်။
အုပ်စုအလိုက်ဆွေးနွေးခြင်း အစီအစဉ်တွင် ပြည်တွင်းကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် စိုက်ပျိုးပညာပေးရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ ကော်ဖီကြိတ်ခွဲထုတ်လုပ်ခြင်း၊ သောက်သုံးမှု အရည်အသွေးစမ်းသပ်ခြင်း၊ အရည်အသွေး ထိန်းသိမ်းခြင်းနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြည်တွင်း ကော်ဖီသောက်သုံးမှုနှင့် ပြည်ပကုန်သွယ်မှုအခြေအနေ၊ မူပိုင်ခွင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို စနစ်တကျ ကျင့်သုံးနိုင်ရေး၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး၊ လက်ရှိကော်ဖီစျေးကွက်အခြေအနေ၊ ကော်ဖီစိုက်တောင်သူများ ကြုံတွေ့နေရတဲ့အခက်အခဲ၊ ကော်ဖီ တန်ဖိုးကွင်းဆက်တစ်လျောက်ရှိ ပြုပြင်ကြိတ်ခွဲမှု အပါအဝင် ဈေးကွက်ရောက်သည်အထိ ကြုံတွေ့ရ သည့်အခက်အခဲ၊ နည်းပညာလိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးကြပြီး စီးပွားရေးပညာရှင်များ ကလည်း တန်ဖိုးမြှင့်ထုတ်ကုန်အတွက် စီးပွားရေးရှုထောင့်အမြင်များဖြင့် အကြံပြုဆွေးနွေးခဲ့ပြီး ဆက်လက်၍လည်း ကော်ဖီစိုက်တောင်သူအများစုရှိရာ ဒေသများတွင် ယခုထက်ပိုမို လက်တွေ့ ကျသည့် ကော်ဖီဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)