နေပြည်တော်  မေ  ၅

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ အချင်းချင်းအကြား လေ့လာမှတ်သားထားရှိချက်များအား မျှဝေဖလှယ်နိုင်ရန်၊ နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများ ဖော်ထုတ်နိုင်ကြစေရန်၊ ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် ပထမပတ်၏ ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့ရာ မေ ၄ ရက် ကျင်းပသည့် နဝမအကြိမ် စကားဝိုင်းဆွေးနွေးပွဲတွင် “ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ပညာရှင်ဝန်ထမ်းများက ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင် ပညာရှင်များက အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ကြသည်။

မြန်မာနိုင်ငံ၌ ကုန်းမြင့်ကော်ဖီမျိုးများ စိုက်ပျိုးရန် ရေမြေရာသီဥတု သင့်တော်သည့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသများရှိသကဲ့သို့ မြေပြန့်ကော်ဖီနှင့် သင့်တော်သည့် ဒေသများလည်း ရှိကြောင်း သိရသည်။ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံဒေသမှ အထူးတန်းဝင်ကော်ဖီ (Specialty Coffee) ကို ထုတ်လုပ်ပြီး ဈေးကောင်းရရှိသဖြင့် ကော်ဖီစိုက် တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလျက် ရှိနေသော်လည်း မြန်မာ့ကော်ဖီ၏ လက်ရှိ စိုက်ပျိုးထုတ်လုပ်မှု ဧက ငါးသောင်းကျော်မှ နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၁၀၀၀၀ ခန့်သာ  ထုတ်လုပ်နိုင်သဖြင့် ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေး ဆောင်ရွက်နေခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် ကြုံတွေ့ကြရသည့် အခက်အခဲများ၊ နည်းပညာများနှင့် ရလဒ်ကောင်းများ၊ အတွေ့အကြုံများနှင့် အကြံ ဉာဏ်များကို အပြန်အလှန်ဖလှယ်ပြီး ကော်ဖီကဏ္ဍ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်