သတင်းဆောင်းပါး - ရွှေယွန်း
နေ့စဉ်လူမှုဘဝ၌ ရုန်းကန်လှုပ်ရှားမှုအကြား မောပန်းလာသည့် အခါ အေးချမ်းသာယာသည့်နေရာများတွင် အပန်းဖြေအနားယူလိုကြ သည်။ အေးချမ်းမှုဖြင့် အနားယူရင်း ခါးဆိမ့်သော ကော်ဖီတစ်ခွက် သောက်ရင်း ပင်ပန်းမှုကို ဖြေလျှော့လိုကြသည်။ ထိုကဲ့သို့ ခရီးသွားရင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်အတွက် ခရီးသွားမြို့တော် ပြင်ဦးလွင် ကို ကော်ဖီမြို့တော်ပါ ဖြစ်လာစေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီး ဌာနက ဆောင်ရွက်နေပြီဖြစ်သည်။
ကော်ဖီစိုက်ဧက ၁၀၀၀၀ ခန့်ရှိ
ပြင်ဦးလွင်မြို့သည် မြို့၏ သဘာဝအလှအပနှင့် အေးချမ်းသည့် ရာသီဥတုကြောင့် ခရီးသွားမြို့တော်တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအကြား ထင်ရှားပြီးဖြစ်သည်။ ထိုသို့ ခရီးသွားများအကြား ထင်ရှားသည့် ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ဒေသတစ်ခုဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ဧက ၁၀၀၀၀ ခန့်ရှိပြီး ပြင်ဦးလွင် ကော်ဖီသည် ဈေးကွက်အတွင်း နာမည်ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကော်ဖီမြို့တော် ပြင်ဦးလွင်အဖြစ် ပိုမိုထင်ရှားစေရန် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ကို ပြင်ဦးလွင်ကော်ဖီဥယျာဉ်(Pyin Oo Lwin Coffee Park) အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေပြီဖြစ်သည်။
“ကော်ဖီဥယျာဉ်ကို လာလည်ရင်း ဒေသရဲ့သဘာဝအလှအပကို ခံစားတာအပြင် ဒေသထွက်ကော်ဖီကို သောက်သုံးရင်း ခရီးသွား တွေကို အပန်းဖြေလန်းဆန်းမှုပေးချင်တာဖြစ်ပါတယ်။ တစ်ဖက်က လည်း ပြင်ဦးလွင်ကော်ဖီဆိုတာ နိုင်ငံတကာအဆင့်အတန်းမီပြီးတော့ ကမ္ဘာ့ဈေးကွက်မှာ နေရာရရှိပြီးဖြစ်တဲ့အတွက် ရရှိပြီးသားနေရာကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ချင်တာဖြစ်ပါတယ်။ ကော်ဖီ စိုက်ပျိုးရေးကို အခြေခံတဲ့ ခရီးသွားလည်ပတ်စရာနေရာတစ်ခုအဖြစ် ဆောင်ရွက်ချင်ပါတယ်။ ဒါကြောင့် ခရီးသွားဒေသအဖြစ်၊ ကော်ဖီ မြို့တော်အဖြစ် ဖြစ်လာစေချင်တာကြောင့် ဥယျာဉ်ထဲမှာ သဘာဝ အလှအပ ခံစားနိုင်အောင်၊ ကော်ဖီယဉ်ကျေးမှုကို လေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြား သည်။
ယခု ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် တည်ဆောက်နေသော ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုးကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ဧရိယာအားဖြင့် ၃၈၆ ဒသမ ၃ ဧကကျယ်ဝန်းပြီး မြန်မာ့ကော်ဖီကို ကမ္ဘာက သိလာစေရန် အထောက်အပံ့များစွာပြုနိုင်ခဲ့သည့် ကော်ဖီခြံတစ်ခုဖြစ်သည်။
“လက်ရှိမှာ ပွေးတောင်ကော်ဖီခြံကို ပြင်ဦးလွင်ကော်ဖီဥယျာဉ် အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်မှာ Coffee Knowledge Center လည်းပါဝင်တဲ့အတွက် မြေပြင်မှာ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တာကစပြီး စားသုံးသူလက်ဝယ်ရောက်ရှိတဲ့ (Farm to Cup)အဆင့်အထိ ပညာပေး ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီ သမိုင်းတွေ၊ ပန်းချီတွေ၊ သမိုင်းဝင်ဓာတ်ပုံတွေနဲ့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက စိုက်ပျိုးထွက်ရှိတဲ့ ကော်ဖီတွေကို Coffee Knowledge Center မှာ ခင်းကျင်းပြသပြီး တစ်နေရာတည်းမှာ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်လို့ ရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံး အကျိုးရှိမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကော်ဖီအသင်း၏ နာယက တစ်ဦးဖြစ်သည့် ဦးရဲမြင့်က ပြောသည်။
လက်ရှိအချိန်တွင် ပြင်ဦးလွင်ကော်ဖီဥယျာဉ်၌ ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ပိုမိုထင်ရှားစေရန်၊ မြန်မာ့ကော်ဖီအရည် အသွေးပိုမိုမြင့်မားလာ၍ ထုတ်လုပ်မှုပမာဏ တိုးတက်လာပြီး ကမ္ဘာ့ ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ပျိုးပင် ပျိုးထောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ရက်တိုသင်တန်း ဖွင့်လှစ်
ထို့ပြင် ချင်းပြည်နယ် ရိခေါဒါရ်မြို့၊ ကရင်ပြည်နယ် သံတောင်မြို့၊ ရှမ်းပြည်နယ် နောင်ချို၊ ဟိုပုံးနှင့် ပင်းတယမြို့နယ်မှ အသေးစား ကော်ဖီစိုက်တောင်သူအစုအဖွဲ့ငယ်များ ပါဝင်သော သင်တန်းသား ၄၈ ဦးကို ပြီးခဲ့သည့် ဧပြီလအတွင်း ရက်တိုသင်တန်းဖွင့်လှစ်ကာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပို့ချပေးနိုင်ခဲ့သည့်အပြင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသုံးကိရိယာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မန္တလေးကော်ဖီအုပ်စု၏ စက်ရုံများသို့ လေ့လာ ရေးခရီး ပို့ဆောင်ပေးနိုင်ခဲ့သည်။
ကော်ဖီဈေးကွက်တစ်ခု ဆောင်ရွက်
ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် ခြံအဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ကော်ဖီနှင့်ပတ်သက်သော အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားရေးနှင့် တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာရောင်းဝယ် ဖောက်ကားနိုင်သော ကော်ဖီဈေးကွက်တစ်ခုကို ဆောင်ရွက်ပေး သည့်လုပ်ငန်း၊ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေနိုင်သော အနားယူ အပန်းဖြေရေးလုပ်ငန်း ဖြစ်လာစေရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီမံအကောင်အထည်ဖော်လျက်ရှိသည်။
“ကော်ဖီစိုက်ပျိုးရေးကို အခြေခံတဲ့ ခရီးသွားလည်ပတ်စရာနေရာ အဖြစ်ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ခြံထဲမှာ လည်ပတ်လို့ရမယ်။ ဒီလိုလည်ပတ်ရင်း သဘာဝအလှကို ခံစားနိုင်မယ်။ ကော်ဖီစိုက်ပျိုးရေးကို လေ့လာနိုင်မယ်။ ဒီလိုလည်ပတ်လေ့လာတဲ့ အခါ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့လည်း စီစဉ်ဆောင်ရွက်ရ ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားတွေက သဘာဝအလှအပကိုပဲ နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီအလှနဲ့ ကော်ဖီကို တွဲဖက်ထားလို့ ရမယ့် ကော်ဖီဆိုင်၊ ဒေသထွက်သစ်သီးဝလံ၊ ပန်းမန်အရောင်းဆိုင်တွေ ပါရှိမှာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ကော်ဖီဥယျာဉ်တွင် ပြင်ဦးလွင်ဒေသထွက် ရာသီပေါ်ပန်းမန်နှင့် သစ်သီးဝလံ၊ ပျိုးပင်အရောင်းဆိုင်များ ပါဝင်မည့်အပြင် ကော်ဖီဥယျာဉ် အတွင်း သဘာဝရေထွက်၊ တမံငယ်၊ စမ်းချောင်းများ၊ ရွှံ့ညွန့်တော လျှောက်တံတား၊ ခြံအတွင်းလျှောက်လမ်း၊ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော သက်တမ်းရင့်ညောင်မုတ်ဆိတ်ပင်၊ ဆပ်သွားဖူးတော စသည့်နေရာများကိုပါ လည်ပတ်အပန်းဖြေနိုင်မည် ဖြစ်သည်။
ပြင်ဦးလွင်ကော်ဖီဥယျာဉ်၏ Soft Opening ကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကာ Grand Opening ကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပြင်ဦးလွင်ကော်ဖီ ဥယျာဉ်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနသည် ကော်ဖီဥယျာဉ်တွင် မွှေးရနံ့နှင့် ပတ်သက်၍ ထူးခြားသော မြေနိမ့်ကော်ဖီမျိုးဖြစ်သည့် သက်တမ်းရင့် လိုက်ဘေးရီးကားကော်ဖီညီနောင်နှင့် ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုး နိုင်သော ကော်ဖီမျိုး ၁၀ မျိုး၏ မျိုးအလိုက် မျိုးထိန်းစိုက်ကွက်များ တည်ထောင်ခြင်း၊ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် အသုံးပြုသော စက်ကိရိယာများ (Coffee Processing Plant)ကို ခင်းကျင်းပြသခြင်း၊ ကော်ဖီနှင့်ပတ်သက်၍ လေ့လာနိုင်မည့် Infor-mation Center ၊ Coffee Knowledge Center ၊ မုခ်ဦးနှင့် ကားပါကင် ဆောက်လုပ်ခြင်း၊ ခြံအတွင်း ပတ်လမ်းဖောက်လုပ်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းနှင့် ကော်ဖီဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ကို ယခုကဲ့သို့ ကော်ဖီ အပန်းဖြေဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် ပြောင်းလဲဖော်ဆောင်နိုင်ခြင်းအားဖြင့် မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်း၊ ပြည်သူအများ မသိရှိသေးသော ကော်ဖီသီးနှံ၏ သဘောသဘာဝများ၊ သတင်းအချက်အလက်များအား အခြေခံ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကော်ဖီထွက်ကုန်များကို ဈေးနှုန်းမှန်ကန်၊ မြန်ဆန်စွာဖြင့် တစ်နေရာ တည်းတွင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို ဆောင်ရွက်သွား နိုင်မည်ဖြစ်သည်။
ထို့အပြင် ပြင်ဦးလွင်ဒေသထွက် ကော်ဖီထုတ်ကုန်အမျိုးမျိုး၊ ကော်ဖီနှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုသိရှိ လေ့လာနိုင်ခြင်းတို့ဖြင့် အများပြည်သူ အနားယူအပန်းဖြေရင်း အသိပညာတိုးပွားရရှိမည်ဖြစ်သကဲ့သို့ ခြံအတွင်းရှိ သဘာဝအရင်း အမြစ်များကို စနစ်တကျ ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ပြင်ဦးလွင်မြို့၏ ဂေဟစနစ်ကို ထောက်ကူပေးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းပေးခြင်း စသည့်အကျိုးကျေးဇူးများကိုပါ ရရှိနိုင်စေမည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။